နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယားပြည်နယ် ဒီးမော့ဆိုမြို့စိုက်ပျိုးရေးဦးစီးဌာနဒုဦးစီးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆို

ဒီးမော့ဆို  ဇွန် ၆

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများထံမှ မြေငှားရမ်း ခကောက်ခံပြီးနိုင်ငံတော်ကို      ပြန်မသွင်းဘဲအလွဲသုံးစားလုပ်ခဲ့သော ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးဝင်းညွန့်ကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူး ဦးကျော်ကျော်က တရားလိုလုပ် တရားစွဲဆို ထားခြင်းဖြစ်ပြီး ဇွန်လ(၄)ရက်နေ့ကဒီးမော့ဆိုမြို့နယ်တရားရုံးတွင်တတိယအကြိမ်မြောက် ရုံးထုတ်ကာ တရားလိုပြသက်သေတစ်ဦးကိုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးဝင်းညွန့်ကဒီးမော့ဆိုမြို့နယ်ရှိပလဖ (ပြည်သူ့လုပ်အားနေရာချထားရေး) စိုက်ကွင်းတွင် တာဝန်ခံဖြစ်ပြီး၊ အဆိုပါ ပလဖစိုက်ကွင်းကိုနန်းမယ်ခုံ၊ ဘုရားဖြူ၊ အိုကေ၊ ဆီလီးဒုန်းကျေးရွာမှတောင်သူ ၁၉၀ ကျော်က ၂၀ဝ၈ ခုနှစ်ကတည်းက အခကြေးငွေဖြင့် ငှားရမ်းလုပ်ကိုင် စားသောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဘုရားဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းမိုးကပြောသည်။

ဘုရားဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းမိုးက“ကျွန်တော်တို့က ၂၀ဝ၈ ခုနှစ်မှာစပြီးတော့ တောင်သူ ၃ ဦးနဲ့ စပြီးတော့ ငှားတာပေါ့၊ ဒီပလဖစိုက်ကွင်းထဲမှာ ၂၀၁၀ မှာကျတော့တောင်သူ တွေအများကြီးသွားငှားကြတယ်။ စိုက်ကွင်းမှူးဆီမှာတိုက်ရိုက်ပေါ့နော်။ အခကြေးငွေနဲ့ ငှားကြ တာပေါ့နော်။ ကျွန်တော်တို့ ငှားတဲ့အချိန်မှာအဲဒီမြေတွေကစားကျက်မြေတွေပဲ။ အဲဒီလယ်တွေက စားကျက်မြေဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာအရင်းနှီးတွေ အများကြီးကုန်တယ်။

ကျွန်တော်တို့က ၁ ဧကကို ၄ သောင်း၊ ရေကြီးတဲ့နှစ်မှာကျတော့ ရေကြီးလို့ဆိုပြီး ၂ သောင်းခွဲ၊ ပြီးတော့ ၅ သောင်း၊ ၆ သောင်း၊ ၁ သိန်းအဲလိုတဖြည်းဖြည်းတက်လာတယ်။ ၂၀၁၅-၁၆ မှာကျတော့ သူကအဲလိုပိုက်ဆံနဲ့ မရတော့ဘူး။ မင်းတို့ စပါးနဲ့ သွင်းမှရမယ်။ စပါးဆိုတော့ သူကအစိတ်ချိုးခေါ်တယ်။ ၂၅ တင်းချိုးပေါ့။ ၂၅ တင်းချိုးကျတော့ စပါးဈေးပေါ်မှာမူတည်တယ်။ တစ်ဧကဆိုရင် ၁၈၀ဝ၀ဝ၊ ၂၀ဝ၀ဝ၀ အဲလောက်ထိတက်တယ်။ ၅ ဧကဆိုရင် ၁၀ သိန်းအဲလိုသွင်းရတယ်”ဟုပြောကြားခဲ့သည်။

ထိုသို့ သွင်းလာရာ ၂၀၁၈ ခုနှစ်တွင် တောင်သူများလုပ်ကိုင်စားသောက်သော လယ်မြေကိုစိုက်ကွင်းမှူးက ပြန်လည်သိမ်းယူရာကနေ ရွာသားများက မကျေမနပ်ဖြစ်ပြီးအစိုးရထံတိုင်ကြားရာက တောင်သူများသည် အဆိုပါ မြေများပေါ်အခကြေးငွေပေးဆောင် လုပ်ကိုင်ရကြောင်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လယ်မြေငှားရမ်းခပေးဆောင်ခြင်းနှင့် ပတ်သက်ပြီးစိုက်ကွင်းမှူးကို နှစ်စဉ် လယ်ဧကအလိုက် အခပေးဆောင်သော်လည်း စိုက်ကွင်းမှူးက ယင်းအခကြေးငွေကိုနိုင်ငံတော်ကို အခွန်မဆောင်ဘဲအလွဲသုံးစားလုပ်ခဲ့ခြင်းကိုလွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်အဖွဲ့၊ တိုင်စာပစ်စာအဖွဲ့တို့ကလာရောက်စစ်ဆေးသည့်အချိန်ကစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ရှိချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစစ်ဆေးချက်အရအဂတိမှု မမြောက်၍ ပြည်နယ်စိုက်ပျိုးရေးဌာနကသာအရေးယူဖို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးဝင်းညွန့်ကို   ရာထူးချခဲ့ပြီးအလွဲသုံးစားလုပ်ထားသော ငွေကျပ်သိန်း ၉၄၀ ကျော်ကို ပြန်သွင်းရန် ညွှန်ကြားခဲ့ကြောင်းသိရ သည်။

ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူး  ဦးဝင်းညွန့်က ပြန်သွင်းရမည့်ငွေ မသွင်း သည့်အတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ၄င်းကို  ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ