နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာခြင်းကဏ္ဍမှာ အိမ်ရှင်မများ အရေးပါ

လူတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံး သည် ကျန်းမာရေးစောင့်ရှောက်မှုပင် ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်မှသာ တစ်ကိုယ် ရေ ကျန်းမာသန်စွမ်းမည်ဖြစ်သည်။


ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါး ဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နေနိုင် မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ 


မိမိ ကျန်းမာရေး၊ မိသားစုကျန်းမာရေး၊ ရပ်ရွာလူထု၏ ကျန်းမာရေး ရောဂါကာကွယ်စောင့်ရှောက်ရေးတို့ကို စွမ်းအား ရှိသမျှ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာ တွင် အိမ်ရှင်မများလည်း အဓိကကျပေသည်။


အိမ်ရှင်မတိုင်းက မိသားစုကျန်းမာပျော်ရွှင်စွာ ရပ်တည်နိုင် ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ဆောင်ရွက်ခြင်း၊ အာဟာရ မျှတစွာ စားသုံးနိုင်ရေးစီမံခြင်း၊ သားသမီးများကို အရွယ်အလိုက် ကာကွယ်ဆေးထိုးပေးခြင်း၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ရောဂါများကို သိရှိနားလည်ပြီး မိသားစုဘဝကို အလေးထားစီမံ ဆောင်ရွက်ကြရသည်။


အိမ်ရှင်မတို့သည် အာဟာရပြည့်ဝသော အစားအစာများကို ကျွေးမွေးရာတွင် လက်ရည်တပြင်တည်း စားသုံးခြင်းဖြင့် မိသားစု မျှတညီညွှတ်မှုစိတ်ဓာတ်ကို မြှင့်တင်ပေးစေသည်။


ရောဂါဖြစ်မှ ကုသခြင်းထက်၊ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှုမရှိခြင်းကြောင့် ရောဂါပိုးမွှား ကူးစက်နိုင်သည်။ သန့်ရှင်းသပ်ရပ်သော မိသားစု နေအိမ်သန့်ရှင်းရန်နှင့် အစားအစာသန့်ရှင်းရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စသည်တို့ကို တစ်ဦးချင်း၊ တစ်ယောက်ချင်း အလေးဂရုပြု ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ 


ကျန်းမာရေးစောင့်ရှောက်မှုတွင် နိုင်ငံတစ်ဝန်း ကျေးလက် ကျန်းမာရေးဆေးပေးခန်းများ၊ ဒေသန္တရကျန်းမာရေးဌာနများ၊ ကျောင်းကျန်းမာရေးဌာနများ ဖွင့်လှစ်ပြီး ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ အိမ်ရှင်မများ လိုက်နာကျင့်သုံးသည်နှင့်အမျှ အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။


လူတိုင်း ရောဂါဘယကင်းဝေးရေးအတွက် တစ်ဦးချင်းမှ အစပြုပြီး မိသားစုရပ်ရွာဒေသ အားလုံးက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အလေးထားဆောင်ရွက်ရာတွင် အိမ်ရှင်မများ၏ အခန်းကဏ္ဍအရေးပါသည်ကို အလေးထားရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ