နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာမြို့နယ်များ ဖွံ့ဖြိုးရေးနှင့်သန့်ရှင်းသာယာရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇန်နဝါရီ  ၂၄


ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင် ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ ပိုင်း)မြို့နယ်များ ရေစီးရေလာ ကောင်းမွန်ရေး၊ လမ်းများ ကောင်းမွန်ရေး တည်ဆောက် ရေးလုပ်ငန်းများနှင့် သန့်ရှင်း သာယာသပ်ရပ်ရေး လုပ်ငန်း များကို ကွင်းဆင်းကြည့်ရှု စစ် ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့ နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး ဘေး FMI City သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ FMI City ရှေ့ ရန်ကုန်-ပုသိမ် လမ်းဘေး ရေစုကန် ရေမြောင်း ရေစီးရေ လာကောင်းမွန်ရေးနှင့် မြောင်း တစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ထိုမှတစ်ဆင့် ညောင်ရွာ၊ ပန်းလှိုင်အိမ်ရာရှေ့ ပန်းခြံနှင့် ကစားကွင်းပြုလုပ်ရန် မြေနေရာ ကို သွားရောက်ကြည့်ရှုစစ်ဆေး ကာ မြေယာရှုခင်း ဆောင်ရွက် ရန်နှင့် ရေမြောင်းတူးဖော်ရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ (Final Disposal Site- FDS) သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်၌ ဌာနမှူးနှင့် တာဝန်ရှိ သူများက ရန်ကုန်မြို့တွင် လက်ရှိဆောင်ရွက်ဆဲနှင့် ထပ်မံ တိုးချဲ့ဆောင်ရွက်မည့် နောက် ဆုံးစွန့်ပစ်အမှိုက်ပုံများ၊ ထိန်ပင် FDS တွင် ဟင်းလင်းပြင်စုပုံ သည့် Open Dumping စနစ်မှ ၂၀၁၉ ခုနှစ်တွင် Semi-Aerobic Landfill စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်၍ Sanitary Landfill စနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် ပြင် ဆင်ထားမှု၊ အမှိုက်မှ သဘာဝ မြေဆွေး (Compost) ထုတ်လုပ် ခြင်း Windrow Method Pro- cess ဆောင်ရွက်မှုတို့ကို ရှင်း လင်းတင်ပြမှုအပေါ် မြို့တော်ဝန် က လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ထိန်ပင် FDS သည် ရန်ကုန်မြို့လယ်မှ ၃၆ ကီလိုမီတာအကွာ  လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း တည်ရှိ၍ မြေဧရိယာ ၂၉၀ ဧကကျယ်ဝန်းပြီး ၂၂၀ ဧကတွင် စုပုံလျက်ရှိကြောင်း၊  ထိန်ပင် FDS သို့ ရန်ကုန်အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များမှ အိမ်ထောင်စုထွက်အမှိုက်၊ ဆေးရုံဆေးခန်းသုံး အမှိုက်နှင့် စက်ရုံထွက်အမှိုက်များ နေ့စဉ်တန် ၁၄၀၀ မှ ၁၅၀၀ အထိ စွန့်ပစ်/ ဖျက်ဆီးလျက်ရှိကြောင်း၊  မီးဘေးကာကွယ်ရေးအတွက် မိုးရေစုကန်မှ သွယ်တန်းပေးဝေနေသည့် Fire Hydrant မီးသတ် ရေငုတ် လေးခုထားရှိပြီး မီးကင်း ကိုးခု နေရာချထားကြောင်း၊ အမှိုက်သယ်ယာဉ်များ ဆေးကြောရန်အတွက် မြေအောက်ရေကို သံဓာတ်ဖယ်ရှားသည့်စနစ် တပ်ဆင်ထားရှိကြောင်း၊  ယခင်က အမှိုက်များကို မြေကျင်းတူး၍ တိုက်ရိုက်စုပုံသည့် Open Dumping စနစ်ဖြင့် စွန့်ပစ်ခြင်းကြောင့် မြေနေရာလုံလောက်မှု မရှိခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း စသည့် ဆိုးကျိုးများ ကြုံတွေ့ရသဖြင့် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၏ နည်းပညာအကူအညီနှင့် ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ်ပြန်လည် ထူထောင်ရေးအဖွဲ့ (UN – Habitat) ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာ ဖုံးအုပ်ခြင်း၊ အမှိုက်မှထွက်ရှိ သည့် ရေဆိုးများအား ပိုက်များတွင် အပေါက်ဖောက်၍ငါးရိုးပုံစံ ဖြင့် စုစည်းခြင်း၊ အမှိုက်ပုံတွင် မီးသိန်းဓာတ်ငွေ့များအတွင်း၌ အောင်းနေခြင်းများ မဖြစ်စေရန် ပိုက်ဖြင့် စွန့်ထုတ်ခြင်းစနစ်ဖြစ် သည့် Fukuoka Method Semi-Aerobic Landfill Pilot Project ကို ၂၀၁၉ ခုနှစ်တွင် ထိန်ပင် FDS ၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း Fukuoka Method နည်းပညာဖြင့် လက်တွေ့ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများအရ ကျန် FDS များတွင်လည်း ဆောင်ရွက် လာပြီဖြစ်ကြောင်း၊    ထို့အပြင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း နည်းစနစ်များကိုပါ ဆောင်ရွက်ရန် ရည်ရွယ်ထားသဖြင့် အမှိုက် လျှော့ချရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကျိုးကျေးဇူး များစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် တိရစ္ဆာန် ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၊ မွေးမြူရေးဇုန်ရှိ လှိုင်သာယာ (ဝက်)အသားထုတ်လုပ်ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ဌာနမှူးက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က စီမံကိန်းဧရိယာ သန့်ရှင်းသာယာသပ်ရပ်ရေး၊ ဝက်အသားထုတ်လုပ်ရုံမှ ထိန်ပင်သုဿာန်နောက်ဖက်သို့ ဆက် သွယ်သည့် လမ်းဖောက်လုပ်ရေး၊ စီမံကိန်းအဆောက်အဦများမှ ကျသည့်ရေများ မိုးရေစုကန်များသို့ အလွယ်တကူ စီးဝင်စေရေး ဆောင်ရွက်ရန် မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ယခုတည်ဆောက်လျက်ရှိသော လှိုင်သာယာ(ဝက်) အသား ထုတ်လုပ်ရုံစီမံကိန်းတွင် အလျား ၁၂၅ ပေ အနံ ၁၀၀ ပေရှိ ဝက်ဈေးခြံလေးလုံး၊ အလျား ၁၂၅ ပေ၊ အနံ ၄၀ ပေရှိ အသား ထုတ်လုပ်ရုံခြောက်လုံး၊ အလျား ၁၂၅ ပေ၊ အနံ ၃၅ ပေရှိ ဝက်အရှင်ထားရန် အလုပ်ရုံခြောက်လုံးနှင့် အလျား ၅၀ ပေ အနံ ၃၀ ပေရှိ ရုံးအဆောက်အဦ တစ်လုံးတို့ပါဝင်ရာ ဝက်ဈေးခြံ တစ်လုံးနှင့် အသားထုတ်လုပ်ရုံ ခြောက်လုံးတို့ကို တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် အဖွဲ့သည် မွေးမြူရေးဇုန်နှင့် ထိန်ပင်သုဿာန်အကြား လမ်းဖောက်လုပ်ထားမှုကိုလည်းကောင်း၊            ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း အနောက်ပတ်လမ်းနှင့် ကျုံပျော်လမ်းအကြား အရှည်ပေ ၁၀၀၀၊ အကျယ်ပေ ၉၀ သဲဖို့မြေ ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမ ဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းသို့ သွားရောက်၍ မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေး စီမံကိန်းဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေသော အလျား ၄၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၀ ပေ ရေဂါလံတစ်သိန်းဆန့် ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ကြီးကြပ်မှုဖြင့် ဧရာနဂါးကုမ္ပဏီနှင့် မောင်နှစ်မသုံးဖော်ကုမ္ပဏီတို့က စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ မြို့တော်ဝန်က လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် မြေအသုံးချ မှုအနေဖြင့် အကျယ် ၁၀၀ ပေ x ၅၀ ပေ စုပေါင်းရုံး မြေကွက် များ ၁ ဒသမ ၄၃၄ ဧက (၁၁ ဒသမ ၆ ရာခိုင်နှုန်း)၊ ဝန်ထမ်း အိမ်ရာမြေနေရာ ၃ ဒသမ ၇၂၅ ဧက (၃၀ ဒသမ ၄ ရာခိုင်နှုန်း)၊ စိမ်းလန်းမြေဧရိယာ ၁ ဒသမ ၃၅ ဧက (၉ ရာခိုင်နှုန်း)၊ ပေ ၄၀ လမ်းဧရိယာ ၅ ဒသမ ၅၁ ဧက (၄၅ ရာခိုင်နှုန်း)၊ ခန်းမမြေဧရိယာ ၀ ဒသမ ၄၈ ဧက (၄ ရာခိုင်နှုန်း) အသုံးပြု တည်ဆောက်ထားကြောင်းနှင့် ယနေ့အထိ ရုံးအားလုံး ၆၄  ရာခိုင်နှုန်း၊ SSB Clinic ဆေးခန်း ၅၈ ရာခိုင်နှုန်း၊ Convenient Store ၈၂ ရာခိုင်နှုန်း၊ Multi Purpose Hall ၅၆ ရာခိုင်နှုန်း၊ အများသုံးသန့်စင်ခန်း ၈၈ ရာခိုင်နှုန်း၊ သဲဖို့ပိုင်ရိုက်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လာမည့် မတ်လတွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရေစီးရေလာစီမံခန့်ခွဲမှုဌာနနှင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေဌာနတို့ ပူပေါင်း၍ လူအင်အား၊ ယန္တရားအင်အားများဖြင့် ရေနုတ်မြောင်းဘေး ဝဲ/ယာ သန့်ရှင်း သာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အကြား သောင်ကြားချောင်းကူးတံတားသို့လည်းကောင်း သွား ရောက် ကြည့်ရှုစစ်ဆေးပြီး ပန်းလှိုင်မြစ်သို့ စီးဝင်သည့် သောင်ကြား ချောင်းနှင့် လှိုင်မြစ်သို့စီးဝင်သည့် ရန်ကုန်-ပုသိမ်လမ်း မြောင်းတို့ ဆုံရာ နေရာဖြစ်ခြင်းကြောင့် ရေစုကန်တူးဖော်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင်  ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တော်ခန်းမ အတွင်း အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ အလျား ၇၀ ပေ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလံတစ်သိန်းဆန့် ရေစုကန် RC Ground Tank တည်ဆောက်ပြီးစီးမှု၊ လူသွားစင်္ကြံ၊ ယဉ်ရပ်နားရန်နေရာများခင်းကျင်းပြီးစီးမှုနှင့် မဟာဗန္ဓုလလမ်းပြန်လည်ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေ တက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံ မှု ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် မိုးရေများကို ယာယီသိုလှောင်နိုင်ရန် အဆိုပါ ရေစုကန် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေစုကန် တည်ဆောက်ထားမှုစနစ်မှာ လမ်းပေါ်မှ ရေများကို အကျယ် ၃ ပေရှိ ရေမြောင်းဖြင့် ရေစုကန်အတွင်း စီးဝင်စေ၍ ယာယီသိုလှောင်ပြီး ၎င်းမှတစ်ဆင့် အကျယ် ၃ ပေရှိ ရေမြောင်းဖြင့် မဟာဗန္ဓုလပန်းခြံ ရေမြောင်းသို့ ဖောက်ထုတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ် ကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်၊ ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ