နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေတာရှည်မြို့နယ်၌ ဆွာဆည်ရေဖြင့် နွေစပါး စတင်စိုက်ပျိုး

ရေတာရှည်၊ ဇန်နဝါရီ  ၁၂


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ဥယျာဉ်မှူးကျေးရွာအနီးရှိ ဆွာချောင်းရေလှောင်တမံမှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးရာသီအတွက် စပါးစိုက်ဧက ၉၀၀၀ ကျော် လျာထား၍ ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ ရေပေးလက်တံမြောင်း အမှတ် ၂ မှ ရေများ စတင်ပေးဝေခဲ့ရာ ယခုအခါ ဆည်ရေဖြင့် စပါးများ စတင် စိုက်ပျိုးနေကြပြီဖြစ်သည်။


ရေပေးလက်တံမြောင်း အမှတ် ၂ နှင့် မြောင်းခွဲ ၁ ရေသောက်ဧရိယာများအတွင်း ရှိ သိုင်းဝ၊ ကွင်းကြီး၊ ဆွာမင်းလမ်း၊ သပြေတန်း၊ ညောင်ပင်သာ၊ ကွမ်းအုံ၊ ဒိုးတန်းကျေးရွာအုပ်စုများရှိ စိုက်ပျိုးဧက ၉၀၀၀ ကျော်ကို လျာထားခြင်းဖြစ်သည်။ 


နွေစပါးစိုက်ပျိုးရန် ထယ်ရေးပြုပြင် ရာတွင် ထွန်စက်၊ လက်တွန်းထွန်စက်ငယ် များကို အဓိကသုံးစွဲကြပြီး လက်ရှိ စက်သုံးဆီဈေးနှုန်းကြောင့် ထွန်စက်ဖြင့် ငှားရမ်းခမှာ တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀ ရှိရာ ယခင်နှစ်က ဈေး ၇၀၀၀ ခန့်ထက် သုံးဆကျော် ဈေးမြင့်သွားသည်။ 


အလားတူ    ထယ်ထိုးပြီးသည့် လယ်ကွက်များကို စိုက်ထယ်ရေးမပြုလုပ် မီ လယ်ယာလုပ်သားများ ငှားရမ်း၍ ကန်သင်းပြုပြင်ခြင်း၊ လယ်ကြားမြောင်း များ ဆယ်ယူခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ စပါးကြဲခြင်းတို့အတွက် ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် ပိုမိုများပြားလျက် ရှိကြောင်း သိရသည်။


"ဒီနှစ် ရေအားကောင်းတော့ တောင်သူတွေ အဆင်ပြေကြတယ်။ ဆည်မြောင်းဝန်ထမ်းတွေကလည်း နေ့တိုင်း ရေလိုက်ကြည့်နေတာ။ တောင်သူတွေရဲ့ လိုအပ်ချက်ကို ချက်ချင်း ဆောင်ရွက်ပေးနိုင်တာတွေလည်း ရှိတယ်။ ကုန်ကျစရိတ်တွေက အရင် နှစ်တွေထက် များတယ်"ဟု ဆွာမင်း လမ်း ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။


နွေစပါးစိုက် တောင်သူများသည် သုံးလသက်တမ်း သက်လျင်စပါးမျိုးများ ဖြစ်သော အဓိက ထိုင်းနှံကောက်မျိုးနှင့်  ရက် ၁၂၀ သက်တမ်းရှိ ရတနာတိုး၊ ဗျော့ထွန်းမျိုးအချို့ကို စိုက်ပျိုးကြသည်။ 

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ