နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမြေနှင့် သစ်တောသယံဇာတအရေးပါ

ရေသည် သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေ၊ ရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ သစ်တောဖုံးလွှမ်းမှုကောင်းမွန်သောနေရာ များ၌ မြေတိုက်စားမှုအနည်းငယ်သာရှိနိုင်သော်လည်း သစ်တော ပြုန်းတီးသည့်မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရပေသည်။


မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့် ရှင်း သောသောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များခန်းခြောက်လာ ခြင်း၊ ဆည်နှင့် ရေလှောင်တမံများ၌ သဲနုန်းပို့ချခြင်း၊ တိမ်ကောလာ ခြင်း၊ မြေအောက်ရေဆုတ်ယုတ်လာခြင်း စသည်တို့ ကြုံတွေ့လာကြ ရသည်။


နိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေဝေရေလဲဧရိယာ အတွင်းကျရောက်လျက်ရှိသဖြင့်         ရေဝေရေလဲသစ်တောများ ထိန်းသိမ်းရေးသည် အလွန်အရေးကြီးသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးရှိ အဓိက  မြစ်၊ ချောင်းများ၊ ဆည်တမံများ၏   ရေဝေရေလဲဒေသထိန်းသိမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောစိုက်ခင်း များတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ၊ လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း များ စနစ်တကျကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း သစ်တောဦးစီး ဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏လုပ်ငန်းညှိနှိုင်း၊ သုံးသပ်ခြင်း အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်က  နေပြည်တော်ရှိ သစ်တောဦးစီး ဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ထည့်သွင်းမှာကြား ခဲ့သည်။ 


သက်ဆိုင်ရာဌာနများက       နိုင်ငံတော်သစ်တောကဏ္ဏဖွံ့ဖြိုး တိုးတက်ရန်၊ ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နှင့် သဘာဝဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှုမရှိစေရန်ရည်ရွယ်ပြီး အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း၊   ခရိုင်သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းနှင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများ ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေသည်။


အဓိကအားဖြင့် ရေထွက်ဦး ရေဝေရေလဲဧရိယာရှိ သစ်တော များအား ဒေသခံများက  ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ ရေဦးရေဖျား ဧရိယာများတွင် သစ်ပင်မခုတ်ရန်နှင့် တောင်ယာချဲ့ထွင်ခြင်းမပြု လုပ်ရန် လိုအပ်သည်။ တောင်ယာများ ချဲ့ထွင်ရာတွင် တောမီးရှို့မှု များလည်း ပါဝင်လျက်ရှိရာ ဓမ္မတာမျိုးဆက်သစ်တော၊ သစ်ပင်များ ပါဝင်လောင်ကျွမ်းပြီး   သဘာဝအရ နေထိုင်ကျက်စားသည့်တောနေ တိရစ္ဆာန်ငယ်များ၊ အခြားရှားပါးမျိုးစိတ်သတ္တဝါများကိုပါ ထိခိုက် ပျက်စီးသေကြေနိုင်ပေသည်။


သို့ဖြစ်ရာအဓိကမြစ်ချောင်းများ၊ တာတမံများ၏ ရေဝေရေလဲ ဒေသထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် တိုက် တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ