လူသားတို့သည် ပုထုစဉ်များဖြစ်ကြရာ အမျက်ဒေါသအမိုက် အမှောင်တရား အနည်းနှင့်အများရှိကြ၏။ အမျက်ဒေါသကို စွန့် ပစ်နိုင်လျှင် မည်သည့်အခါမှ ဝမ်းမနည်းရဟု လောကနီတိက ဆိုသည်။ အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် ဝမ်းနည်းဖွယ်ရာ အဖြာဖြာကို ရှောင်ကြဉ်နိုင်၏။
အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင် ရာ၏။ တစ်နည်းအားဖြင့် မေတ္တာဖြင့်အောင်ရာ၏။ ဤကား သည်းခံခြင်းတရားပင်ဖြစ်၏။ တစ်ဖန်သူ့ကျေးဇူးကို ပယ်ဖျက် တတ်သည့် စိတ်ဆိုး စိတ်ယုတ်တို့ကို ပယ်စွန့်သောသူအား သူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏။ လူခပ်သိမ်းတို့၏ ကြမ်းတမ်းသောစကားကို သည်းခံကြကုန်လော့။ ဤသည်းခံခြင်း ကို မြင့်မြတ်သောတရားဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန် ၏။
ယင်းသို့ဆိုသော် အမျက်ဒေါသကို ထိန်းချုပ်ခြင်းသည် အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။ ယနေ့ဖြစ်ပျက်နေသော အကြောင်းတရားများကို လေ့လာကြည့်ပါက အများစုမှာလောဘ၊ ဒေါသ၊ မောဟတို့ကြောင့် ဖြစ်ရသည်ကို တွေ့ရ၏။ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်များ၊ လူသားတို့၏ နာကျင်ခံစားရမှုများ တွေ့ရပေ၏။
အသေအချာဆန်းစစ်ကြည့်သော် အမျက်ဒေါသကြောင့်ပင်ဖြစ်၏။ အမျက်ဒေါသသည်မကောင်းပါ။ ဒေါသသည် အမှားပါတတ်၏။ ထို့ကြောင့် လူသားတိုင်းအမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် အမျက်ဒေါသကို အနိုင်ယူနိုင်၏။ အမျက်ဒေါသကို ထိန်းချုပ် နိုင်သော သူတို့အား သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။
မိမိ မလိုလားအပ်သော အရာတို့အပေါ်ချုပ်တည်းခြင်းသည် ထာဝရပျော်ရွှင်ခြင်းကို ဖြစ်စေ၏။
ချုပ်တည်းသည်ကား လောဘ၊ ဒေါသ၊ မောဟ တို့ကို မချုပ်တည်းနိုင်ပါက စိတ်လည်းကြမ်း၊ ကိုယ် လည်းကြမ်းပေလိမ့်မည်။ တစ်နည်းအားဖြင့် အိုခြင်းတရားကို ပို၍ ဖြစ်စေနိုင်၏။ လူတို့၏ နုနယ်ပျိုမျစ်လှပခြင်းသည် စိတ်နှင့်များစွာ သက်ဆိုင်၏။ မည်မျှပင် အသက်အရွယ်ကြီးစေကာမူ စိတ်ပျိုလျှင် ကိုယ်လည်းနုပျို၏။ စိတ်အိုလျှင် ကိုယ်လည်းအို၏။ စိတ်ကြမ်းလျှင် ကိုယ်လည်းကြမ်း၏။ စိတ်ထောင်းက ကိုယ်ကြေ၏။
လူတိုင်းလူတိုင်း နုနယ်ပျိုမြစ်ခြင်းကို လိုလားကြလျှင် စိတ်ပျို ဖို့လိုသည်။ စိတ်ပျိုခြင်းက ကိုယ်နုခြင်းအစစ်အမှန်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်းသည်သာ စစ်မှန်သော စိတ်ပျိုခြင်း ဖြစ်အောင် နေထိုင်ခြင်းဖြစ်ပါကြောင်းနှင့် အမျက်ဒေါသကို လျှော့ချနိုင်သဖြင့်သာ ကြီးပွားတိုးတက်ကြကုန်၏။