နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ ပွင့်လင်းရာသီတွင် ခရီးသွားများကိုဆွဲဆောင်နေ

ရန်ကုန်  ဒီဇင်ဘာ  ၁


မြန်မာပြည်၏ ဂုဏ်ယူဖွယ်ရေခဲတောင်များ တည်ရှိရာ ကချင်ပြည်နယ် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်နှင့် ဖုန်ကန်ရာဇီ ဘေးမဲ့တောတို့သည် ပွင့်လင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ရေခဲ တောင်တို့၏ သဘာဝများ ပိုမိုပေါ်လွင်လာလျက်ရှိ ပြီး ဇီဝမျိုးစုံ မျိုးကွဲတို့တည်ရှိရာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ သည်လည်း ယခုလို ပွင့်လင်းရာသီတွင် ခရီးသွား များကို ဆွဲဆောင်လျက်ရှိသည်။


ပူတာအိုတွင် ဇီဝမျိုးစုံမျိုးကွဲပြခန်းကို ပြသထား ပြီး ရေခဲတောင်များတည်ရှိသော ခါကာဘိုရာဇီသို့ သွားရောက်လျှင် ပူတာအိုမှ နောင်မွန်းမြို့သို့ ၇၅ မိုင်၊ နောင်မွန်းမှ ပန်နန်းဒင်သို့ ၄၂ မိုင်ခရီးရှိ၍ ပန်နန်းဒင်မြို့နယ်ခွဲမှ အတွင်းပိုင်းသို့ ငါးရက်၊ ခုနစ်ရက် ခရီးသွားရောက်လေ့ရှိသည်။ 


ပူတာအိုခရိုင်၏ အနောက်ဘက်တွင်ရှိသော ဖုန်ကန်ရာဇီ ဘေးမဲ့တောသို့ နှင်းများပျော်ချိန်၌ တစ်ညအိပ်ခရီးဖြင့် သွားရောက်နိုင်ပြီးပူတာအို ခရိုင်တွင် ဖုန်ကန်ရာဇီ ဘေးမဲ့တောနှင့် ခါကာ ဘိုရာဇီ အမျိုးသားဥယျာဉ်တို့ နယ်နိမိတ် ဆက်စပ်လျက်ရှိသည်။ ဖုန်ကန်ရာဇီဘေးမဲ့တော သည် ပူတာအိုမြို့တွင်တည်ရှိပြီး ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ပန်နန်းဒင်းမြို့နယ်ခွဲမှ စတင်၍ အတွင်းပိုင်းသို့ ဝင်ရောက်ရခြင်းဖြစ်သည်။ ပူတာအိုမှ ခါကာဘိုရာဇီတွင်ရှိသောရေခဲတောင် ကို တွေ့မြင်ရန် ခဲယဉ်းသော်လည်း ဖုန်ကန်ရာဇီ ဘေးမဲ့တောမှ ရေခဲတောင်များအလှကို တွေ့မြင် နိုင်သည်။


"ပွင့်လင်းရာသီမှာ ခါကာဘိုရာဇီကို သွားမယ် ဆိုရင် အားလုံးပြင်ဆင်ပြီးမှ သွားရမှာပါ။ ခရီးလည်း ဝေးတဲ့အတွက်ကြောင့်ပါ။ ဒါက ခရီးသွားကဏ္ဍ အတွက်ပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်တဲ့ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်နဲ့ ဖုန်ကန်ရာဇီ ဘေးမဲ့တောဟာ ပြည်တွင်း ပြည်ပခရီးသွားတွေကို ဆွဲဆောင်နေတယ်ဆိုတာ က ဇီဝ မျိုးစုံမျိုးကွဲတွေ တည်ရှိနေတဲ့အပြင် ဒေသ မျိုးရင်း ရုက္ခနဲ့ ဇီဝတွေတည်ရှိနေတာကြောင့်ပါ။ မြန်မာပြည်ရဲ့ အလှဆုံးနေရာဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားတွေတော့ နှစ်စဉ်ဝင်ရောက်ပါ တယ်"ဟု ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးက ပြောကြား သည်။


အာဆီယံနိုင်ငံများအနက် ရေခဲတောင်များနှင့် သဘာဝအလှကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံ သည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ ဘေးမဲ့တောကိုလည်း ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးကို ပူတာအိုမြို့ပေါ်တွင် ထားရှိပြီး ဇီဝမျိုးစုံမျိုးကွဲပြခန်း၊ ဒေသမျိုးရင်း သစ်ခွဥယျာဉ်နှင့် ကိုရီးယားနိုင်ငံ အမျိုးသားဇီဝ သိပ္ပံနှင့် ပူးပေါင်းဆောင်ရွက်သော သုတေသန ပြုခန်းတို့ကို ထားရှိသည်။ အဆိုပါ ဇီဝမျိုးစုံမျိုးကွဲ ပြခန်း၌ ထူးခြားသော ရေခဲတောင်များ၊ ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းရှိ နို့တိုက်သတ္တဝါ များ၏ ဓာတ်ပုံမှတ်တမ်းများ၊ ကမ္ဘာ့ရွှေ့ပြောင်း ငှက်များ လမ်းကြောင်းနှင့် ကျက်စားရာနေရာ၊ ထို ဒေသတွင်ရှိသော ဇီဝမျိုးစုံမျိုးကွဲများကို မှတ်တမ်း တင်ထားသော ဓာတ်ပုံများ၊ အခြေခံခရီးသွား လုပ်ငန်းကို အထောက်အပံ့ဖြစ်စေသည့် ခရီးစဉ် နှင့် လေ့လာရန်နေရာများ စသည်တို့ကို ပြသထား သည်။


မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီသို့ ဝင်ရောက် ချိန်နှင့် ဆောင်းအကုန် နွေအကူးတို့တွင် ခါကာ ဘိုရာဇီ ရေခဲတောင်တို့၏အလှကို ထင်ထင်ရှားရှား တွေ့မြင်ရလေ့ရှိပြီး ခရီးသွားများ နှစ်ခြိုက်သော အချိန်အခါလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ထူးခြား သော ရေခဲတောင်အလှတို့စုဝေးရာ မြန်မာပြည် မြောက်ဖျား၌ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ ဘေးမဲ့တောတို့သည် ပွင့်လင်းရာသီ ခရီးသွားတို့ကို ဆွဲဆောင်လျက်ရှိကြောင်း သိရ သည်။                                      ၁၁၂-ဓာတ်ပုံ-ဥသာ






အခြားဆက်စပ်သတင်းများ