နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီဒီယာသူဌေးရူးပတ်မားဒေါ့ချ်၏ သတင်းစာအချို့ကို ဒီဂျစ်တယ်စနစ်ပြောင်းပြီး အချို့ကို ဖြုတ်ပစ်မည်

မေ ၂၉၊ ဆစ်ဒနီ


မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ချ်၏ သြစတြေးလျသတင်းစာလုပ်ငန်းအောက်ရှိ သတင်းစာအစောင် ၁၀၀ ကျော်အနက် အချို့ကို ဒီဂျစ်တယ်မီဒီယာအဖြစ် အသွင်ပြောင်းပြီး အချို့ကို လုံးဝဖြုတ်ပစ်ရမည်ဟု ဆိုသည်။ ဇွန်လမှစ၍ ဒေသတွင်း သတင်းစာ ၇၆ စောင်ကို အွန်လိုင်းမီဒီယာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး အခြားသတင်းစာ ၃၆ စောင်ကို လုံးဝပိတ်ပစ်ရတော့မည်ဖြစ်သည်။ အဆိုပါလုပ်ရပ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်လာလိမ့်မည်ဟု News Corp Australia ကုမ္ပဏီက ဆိုသည်။ သို့သော် အလုပ်အကိုင်ပမာဏ မည်မျှဆုံးရှုံးရမည်ဆိုခြင်းကို ထုတ်ပြောခဲ့ခြင်းမရှိပေ။ 


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပိတ်ဆို့မှုများ လုပ်ထားခြင်းကြောင့် ကြော်ငြာဝင်ငွေ ထိခိုက်ပြီး သြစတြေးလျနိုင်ငံ၏ မီဒီယာကဏ္ဍကို ရုတ်တရက်ကျဆင်းစေခဲ့သည်။ အသွင်ပြောင်းလဲမည့် အစီအစဉ်အရ News Corp Australia ၏ အဓိကနေ့စဉ်ထုတ်သတင်းစာများဖြစ်သည့် Herald Sun နှင့် The Daily Telegraph တို့ကို ပြည်တွင်းသတင်းများ အဓိကဖော်ပြပေးသည့် အွန်လိုင်းမီဒီယာအဖြစ် အသွင်ပြောင်းပြီး ဒေသတွင်းဂျာနယ်လစ်များ၏ သတင်းများကို ပိုမိုဖော်ပြသွားမည်ဖြစ်သည်။ 


မီဒီယာသူဌေး ရူးပတ်မားဒေါ့ချ်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအင်ပါယာမှာ သြစတြေးလျသတင်းစာလုပ်ငန်းကို အဓိကခြေကုပ်ယူထားခြင်းဖြစ်သည်။ သို့သော် သြစတြေးလျတွင်လည်း ကြော်ငြာထည့်သူများက ဖေ့ဘွတ်ခ်၊ ဂူဂဲလ်ကဲ့သို့ အင်တာနက်ကုမ္ပဏီကြီးများတွင်သာ ငွေကြေးသုံးစွဲ နေခြင်းကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း သြစတြေးလျနိုင်ငံ၏ ထုံးတမ်းစဉ်လာမီဒီယာလုပ်ငန်းမှာလည်း ဖိအားများအောက် ကျရောက်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ