မြန်မာတို့သည် အစဉ်အလာအရ ဝတ်စားဆင်ယင်၊ ပြောဆို၊ ကျင့်ကြံနေထိုင်မှုအားလုံးသည် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ မှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှပေသည်။
ကျွန်ုပ်တို့လူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင်မတူသော ကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံ့ဆင်းညီအစ်ကို မောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှုအတူတူပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်အလှများရှိကြသည်။ စာပေနှင့်ယဉ်ကျေးမှု အမွေ အနှစ်များအဓွန့်ရှည်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရ သည်။ ဤစာပေနှင့်ယဉ်ကျေးမှုသည်ပင်လျှင် နိုင်ငံ၏အသက်ဖြစ် သည်။
စာပေပျောက်လျှင် ယဉ်ကျေးမှုပျောက်မည်။ ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးနှင့် နိုင်ငံပျောက်နိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတည်တံ့ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဏိုင်တွင် များစွာ မူတည်ပေသည်။
မျက်မှောက်ခေတ်ကြီး လျင်မြန်တိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှုလည်းရောထွေးကုန်ကြပြီး လူတိုင်းရဲ့နေ့စဉ်ဘဝမှာ သတင်းနည်းပညာအင်တာနက်လူမှုကွန်ရက်များသည် တဖြည်း ဖြည်းနှင့် ပိုမိုအသုံးဝင်လာကြသည်။ သတင်းအချက်အလက် နည်းပညာနှင့် အင်တာနက်များသည် လူသားဘဝအစိတ်အပိုင်း အားလုံးနီးပါးကို လျင်မြန်စွာပြောင်းလဲခြင်းဖြင့် ကောင်းကျိုးများ ရရှိသကဲ့သို့ တချို့မှာ ဘေးထွက်ဆိုးကျိုးအဖြစ် ပိုမိုဆိုးရွားလာ နေသည်။
ဤလောက၌ ဗုဒ္ဓအလိုအရ တည်မြဲခြင်းဟူသည်ကားမရှိ။ အရာခပ်သိမ်းတို့သည် အနိစ္စသဘောအရ ပြောင်းလဲနေတတ်၏။ ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့်တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲရေစီးကြောင်းအတွင်း လိုက်ပါ ကြသူများရှိသကဲ့သို့ မလိုက်ပါသူများလည်းရှိ၏။
အမျိုးသားယဉ်ကျေးမှုသည်ကား အနုပညာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကျင့်သုံးသည့် မြန်မာ တစ်မျိုးသားလုံး၏ယဉ်ကျေးမှုပင်ဖြစ်သည်။ ။