နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ညောင်ဦး၊  ဇွန် ၂၈


ဇွန် ၂၆ ရက်၊ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၄)တိုးချဲ့ရပ်ကွက်တွင် ဦးရဲဝင်းထွန်းပိုင်ဆိုင်သော ဝဲသားစပွန်း ပုဂံစားသောက်ဆိုင်အတွင်းရှိ ၁၀ ကေဗွီမီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်းသိရပြီး အဆိုပါ မီးလောင်ရာသို့ ညောင်ဦးခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်သုံးစီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ ပုဂံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊ ရွှေပြည်နန်းသနပ်ခါးမှ ရေသယ်ယာဉ်တစ်စီးတို့နှင့်အတူ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး နောင်ထွန်းနေ ဦးဆောင်သော တပ်ဖွဲ့ဝင် များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မြအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၂ နာရီ ၇ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 


အဆိုပါ မီးလောင်မှုကြောင့် ဦးရဲမြင့်ပိုင်ဆိုင် သော (၄၀ x ၃၀) သွပ်မိုး ၊ ကျောက်ပြားကာမြေစိုက် ဆန်းနံ့သာ စားသောက်ဆိုင်တစ်လုံး၊ ဦးမျိုးလွင် ပိုင်ဆိုင်သော (၁၅ x ၁၅) သွပ်မိုး၊ ဝါးထရံကာ မြေစိုက် E – Vike ဆိုင်ကယ်အငှားဆိုင်တစ်လုံး၊ ဒေါ်နွယ်နွယ်ဝင်းပိုင်ဆိုင်သော (၁၀x၂၀) သွပ်မိုး၊ ကျောက်ပြားကာ မြေစိုက်ကွမ်းယာနှင့် ပုဂံ အမှတ်တရပစ္စည်းဆိုင်တစ်လုံး၊ ဦးရဲဝင်းထွန်း ပိုင်ဆိုင် သော (၁၅ x၄၀) သွပ်မိုး၊ ကျောက်ပြား ကာမြေစိုက်ဝဲသားစပွန်း (ပုဂံ)စားသောက်ဆိုင် တစ်လုံးနှင့် ထိုင်ခုံ(၂၅)လုံး၊ ၁၀ ကေဗွီမီးအား မြှင့်စက်တစ်လုံး၊ ရေခဲသေတ္တာနှစ်ဆင့်ပါတစ် လုံး၊ E – Vike ဆိုင်ကယ်ဟောင်း ၃ စီးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးခန့်မှန်း ငွေကျပ် ၂,၈၁၀,၀၀၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်အခြား လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။ 


အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင် စေနိုင်သောပစ္စည်းအားပေါ့ဆစွာ အသုံးပြုသူ ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာနေသူ ဝဲသား စပွန်းပုဂံစားသောက်ဆိုင်ပိုင်ရှင် ဦးရဲဝင်းထွန်းကို ညောင်ဦးမြို့မရဲစခန်းမှ (ပ) ၅၁ / ၂၀၂၁ ၊ ရာဇသတ် ကြီးပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)






အခြားဆက်စပ်သတင်းများ