ရန်ကုန်၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်ဘုရား စျေးရုံဝင်းရှိ ဒို့မြန်မာ ပန်းပုနှင့် နိဗ္ဗာန် ကုန်ဆိုင်ရှေ့တွင် ဇွန် ၁၀ ရက် ညနေ ၃ နာရီ ၅၅ မိနစ်အချိန်က လူတစ်ဦးသေနတ်နှင့် ပစ်ခံရကြောင်းသတင်းရရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ပြည်ထောင်စုကြံခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်၊ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ အသောကလမ်း မ-၉/၅ တွင်နေသူ ဦးနေမျိုးအောင်၊ (၅၆)နှစ်၊ (ဘ)ဦးသိန်းအောင်၊ ၁၂/ဆကန(နိုင်)၀၀၁၄၀၀၊ ဗမာ/ဗုဒ္ဓ ဖြစ်ပြီး ဖြစ်စဉ်မှာ ဆိုင်ရှင်ဖြစ်သူနှင့် စကား ပြောနေစဉ် ပစ်ခတ်ခံရပြီး ယာဘက်နားရွက်အထက် နားထင်အောက်ကို ဖောက်ဝင်၍ ဝဲဘက်နားရွက်အထက်မှ ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် လဲနေသည်ကိုတွေ့ရှိသဖြင့် အမှတ်(၂) တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင်ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားသည့်ဆိုင်နှင့် ဝဲဘက် မျက်စောင်းထိုးရှိ ပိတ်ထားသော ဆိုင်ခန်းနှစ်ခန်းအနီးမှ အနက်ရောင် ဂျင်းဘောင်းဘီအရှည်၊ အနက်ရောင်တီရှပ်လက်တို၊ အနက်ရောင် ရှာထိုးဦးထုပ် ဆောင်းထားသော အရပ် ၅ ပေ ၇ လက်မခန့် ဆံပင်ရှည်(နက်)၊ အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ကာ ဈေးနောက်ဖက် သို့ ထွက်ပြေးစဉ် သေနတ်ဖြင့် တစ်ချက်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး YGN 4G/4857 Probox အဖြူရောင် ကိုယ်ပိုင်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ယင်းအနီး၌ A USA 9mm LUGER စာတန်းပါစတီးရောင် ကျည်ခွံတစ်ခွံနှင့် စျေးရုံနောက်ဖက်မှ ကျည်ခွံတစ်ခွံတို့ကို သိမ်းဆည်းရမိကြောင်းနှင့် တရားခံကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမြင့်မောင်