နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့နေပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အသားနှင့် ငါး၊ ပုစွန် ပိဿာချိန် ငါးသိန်းကျော်ကို နေ့စဉ်ပုံမှန် ထုတ်လုပ်ပေးနိုင်ရန်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန် မတ် ၂၇

ရန်ကုန်မြို့တော်နေ ပြည်သူ ငါးသန်းကျော်အတွက်  ကျန်းမာရေးနှင့် ညီညွတ်သော အသားနှင့်ငါးပုစွန် စားသုံးမှု ဖူလုံစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံ များ၊ စီမံခန့်ခွဲမှုဌာနနှင့် ဈေးများဌာနတို့၏ ကြီးကြပ်မှုဖြင့် အသားထုတ်လုပ်ရေးလိုင်စင်ရ လုပ်ငန်းရှင် ၇၁ ဦး ကျော်တို့နှင့်ပူးပေါင်း၍ ပုံမှန် ကျွဲ၊ နွား၊ သို။ ဆိတ် ၊ ဝက်၊ ကြက်၊ ဘဲ၊ ငါး၊ ပုစွန်အပါအဝင် ပိဿာချိန် စုစုပေါင်း ငါးသိန်းကျော်ကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပြီး မြို့တွင်းဈေးများသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသားထုတ်လုပ်ရေးလိုင်စင်ရလုပ်ငန်းရှင်များသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိရွာသာကြီး အသားထုတ်လုပ်ရုံမှ ကျွဲ၊ နွား၊ ဝိဿာချိန် (၁၁ဝဝ)ခန့် ၊ သိုး၊ ဆိတ်ဝိဿာချိန်  ၁၆၁ဝ ခန့်၊ ဝက်ပိဿာချိန် ၁၈၆၅၀ ခန့်ကို နေ့စဉ်ပုံမှန် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ အသားထုတ်လုပ်ရေးရုံမှ ဝက်ပိဿာချိန် ၇၂၀၀ ခန့်၊ လှိုင်သာယာမြို့နယ် အသားထုတ်လုပ်ရေးရုံမှ ကျွဲ၊ နွားပိဿာချိန် ၁ဝ၇၀ ခန့် ၊ သိုး၊ ဆိတ် ပိဿာချိန် ၁၁၇၀ ခန့်၊ ရွှေပြည်သာမြို့နယ် အသားထုတ်လုပ်ရေးရုံမှ သိုး၊ ဆိတ် ပိဿာချိန် ၆၅၀  ခန့်ကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပေးလျက်ရှိကြောင်း လိုင်စင်လုပ်ငန်းရှင်တစ်ဦးပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရဲ့ အသားထုတ်လုပ်မှုမှာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ထုတ်လုပ်မှ ကျန်းမာရေး ညီညွတ်မှာ ဖြစ်တယ်၊ ကိုဗစ်-၁၉ ကာလမှာ အသားထုတ်လုပ်မှု အနည်းငယ်ကျဆင်းတာရှိပါတယ်၊ ဒါပေမယ့် နေ့စဉ်ပုံမှန်ထုတ်လုပ်ပါတယ်၊ ပိတ်ရက်ကတော့ ကမ္ဘာ့တိရစ္ဆာန်များနေ့နဲ့ အခါကြီးရက်ကြီးများနေ့မှလွဲ၍ နေ့စဉ် ထုတ်လုပ်ပေးလျက်ရှိကြောင်း” ထုတ်လုပ်မှုလိုင်စင်ရလုပ်ငန်းရှင်က ရှင်းပြသည်။

ဈေးများဌာနအောက်ရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ နေ့စဉ် ကြက်၊ ဘဲ ပိဿာချိန် ၁၁၃,၅ဝ၆ တို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်မြို့တော်အတွင်းရှိ ဈေးများသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းကို သက်ဆိုင်ရာဌာနမှသိရသည်။
ထို့အပြင် ရေချို၊ ရေငန် ၊ ငါး ပုစွန် ကုန်စည်စီးဆင်းမှုများအနေဖြင့် လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးနှင့် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးတို့မှ ငါးဒိုင်ပေါင်း ၄၀၀ ကျော်ခန့် သည် ငါး၊ ပုစွန် ဝိသာချိန်ပေါင်း သုံးသိန်း ခုနစ်သောင်းကျော်ခန့်ကို ပြည်နယ်နှင့် တိုင်းအသီးသီးသို့ နေ့စဉ်လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အတွက် အခက်အခဲမရှိမစရန် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စောရွှေဂွန်






အခြားဆက်စပ်သတင်းများ