နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းဆတ်မြို့နယ်နှင့် နောင်ချိုမြို့တို့တွင် စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူများနှင့် ဘိန်းစိမ်းများ သိမ်းဆည်းရမိ

မိုင်းဆတ် မေ ၁၅

မေ ၁၄ ရက်၊ ညနေ  ၆ နာရီအချိန် မိုင်းဆတ်မြို့နယ်၊ (၁၃)မိုင်ကျေးရွာအနီး မိုင်းဆတ်-မိုင်းတုံကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့မှ မိုင်းတုံမြို့ ဘက်သို့ ကျဟားဘို(၄၀)နှစ်မောင်းနှင်ပြီး ယင်း၏ဇနီး ဒေါ်နာဟယ်(၃၂)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ကျဖ(၃၀)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးတို့အား ရပ်တန့်စစ်ဆေးရာ ကျဖ၏ဆိုင်ကယ်တူးဘောက်နှင့် ဒူးကာအတွင်းတို့မှ ကပ်ခွာအိတ်များ ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၆၀၀၀ ပြား၊ ဘိန်းဖြူ ၀.၀၅၂ ကီလို၊ ဘိန်းစိမ်း ၀.၀၈ ကီလို၊ ငွေ ၁,၂၇၀,၀၀၀ ကျပ်နှင့် ထိုင်းဘတ် ၅၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မေလ ၁၅ ရက်နေ့ ၀၀၃၀ အချိန် ကျဟားဘို(၄၀)နှစ်၊ ဒေါ်နာဟယ်(၃၂)နှစ်နှင့် ကျဖ(၃၀)နှစ်(ဖမ်းမိ)တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၁၃ ရက်၊ ည ၁၀ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ် အနီး မူဆယ်-မန္တလေး ကားလမ်း၌ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ ဇင်ဟန်ကျော်(၂၆)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက် ၂၂၀ ဂရမ်၊ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၇၂၀၀၀ ပြားနှင့် ငွေ ၃၇,၅၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ကျော်စိုးမိုး(၃၆)နှစ်မောင်းနှင်ပြီး မစိုးစိုးခိုင်(ခ)မခိုင်(၅၀)နှစ်လိုက်ပါလာသည့် 8F/xxxx Light Truck ယာဉ်အား အေးရှားဝေါတိုးဂိတ်အဟောင်းအနီး မြို့ရှောင်လမ်း၌ ဖမ်းဆီးရမိခဲ့၍  စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘဲ ငွေ ၁၁၆,၀၀၀ ကျပ်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဇင်ဟန်ကျော်၊ ကျော်စိုးမိုးနှင့် မစိုးစိုးခိုင်(ခ)မခိုင်တို့ ၃ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ