နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့တွင် အလှဓါတ်ပုံရိုက်ရင်း လှည်းစီး၍ တောရွာအလှ ခံစားနိုင်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် နေကြာပန်းပွင့်များအကြား အလှဓါတ်ပုံများ ရိုက်ကူးရင်း လှည်းစီးကာ တောသဘာဝအလှတရားအား  ခံစားပြီး ခေတ္တနားနေနိုင်သည့်နေရာတစ်ခုသို့ နေ့စဉ်လာရောက်ကြသူများပြားလျှက်ရှိကြောင်း သိရသည်။

အဆိုပါနေရာသည် ဒလ(နာရီစင်မှ)-ဓနုတ်ကားလမ်းမကြီးဘေး သပြေကုန်းကျေးရွာအပိုင်တွင်တည်ရှိပြီး တောင်သူကြီး ဦးဝင်းမောင်မှ ဆီထွက်သီးနှံအဖြစ် နေကြာပင်များအား စမ်းသပ်စိုက်ပျိုးရာမှ နေကြာပန်းများ   ပွင့်လာပြီးအချို့အမျိုးသမီးလေးများမှ သွားလာရင်း တွေ့မိပြီး ခွင့်တောင်းဓါတ်ပုံဝင်ရိုက်ကြရာမှ လူမူကွန်ရက်စာမျက်နှာပေါ်တင်ခဲ့ကြပြီး လူသိများလာခြင်း ဖြစ်ကြောင်းစိုက်ပျိုးသူ တောင်သူကြီး ဦးဝင်းမောင် ကပြောသည်။

"ဆီထွက်သီးနှံကို စိုက်ပျိုးလို့ အောင်မြင်မူ့ရှိ/မရှိစမ်းသပ်စိုက်ပျိုးတာပါ၊မြို့နယ်စိုက်ပျိုးရေးမန်နေဂျာဦးမျိုးသူကလည်း အားပေးတယ်၊နေကြာပျိုးစေ့ ကူညီတယ်၊စိုက်ပျိုးနည်းပညာတွေ ဖြန့်ဝေပေးတယ်၊ဒါ့ကြောင့် နေကြာပန်းတွေအောင်မြင်တာ"ဟု ဦးဝင်းမောင်ကပြောသည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန အကြံပြုတိုက်တွန်းမူ့ဖြင့် အော်ဂဲနစ် သီးနှံပင်များအဖြစ် မုံညှင်း၊ ကိုက်လန်၊ ရုံးပတီပင်၊ခရမ်းပင်၊နံနံပင်၊ကန်စွန်းပင်များလည်း စိုက်ပျိုးထားကြောင်း လာရောက်ကြသူများမှလဲ လတ်ဆတ်၍ ဓါတုမြေသြဇာများ သုံးစွဲစိုက်ပျိုးခြင်းမရှိပဲ သဘာဝမြေသြဇာသာ အသုံးပြုစိုက်ပျိုးသည့်အတွက် နှစ်ခြိုက်စွာဝယ်ယူကြကြောင်း သိရသည်။နေကြာခင်းအား တစ်ဧကနီးပါး စိုက်ပျိုးထားကြောင်းအပင်ရေ (၁၈၀၀၀)ခန့် စိုက်ပျိုးထားကြောင်း ဆီကြိတ်ခါနီး ခူးဆွတ်ချိန်တွင် နေကြာပန်းပွင့်များ အဆက်မပြတ်ပွင့်နေစေရေး အတွက် နေကြာပန်းစိုက်ခင်းအား ထပ်မံတိုးချဲ့စိုက်ပျိုးထားကြောင်းလဲသိရသည်။

ရန်ကုန်နှင့် အလှမ်းမဝေးသည့် နေရာတွင် လှပသော နေကြာပန်းခင်းအား နောက်ခံထားကာတောဓလေ့ရိုးရာ လှည်းစီးခြင်းဖြင့်လည်း စိတ်အပန်းပြေမူကို ဖြစ်ပေါ်ခံစားစေသည့်အတွက် ရန်ကုန်မြို့မှပင် လာရောက်ကြသူ များလည်း များပြားကြောင်း သိရသည်။"လှည်းနှစ်စီးက ရောက်တာမကြာသေးဘူး။ခုခေတ်ကလေးတွေနွားလှည်း မစီးဘူးကြတော့ဘူးလေ၊လှည်းယာဉ်ကြော့ဆို ပိုစိတ်ဝင်စားမယ်၊ ဟိုရက်က လှည်းပိုင်ရှင်ကို မေးကြည့်တယ်၊ဘယ်လောက်ရလဲဆိုတော့လေးထောင်ကျပ်လောက်ရတယ်ပြောတယ်၊မိသားစုစားသောက်ဖို့ အပိုဝင်ငွေရတာပေါ့"ဟု စိုက်ခင်းပိုင်ရှင်က ပြောသည်။

စိုက်ခင်းတွင်လဲ စိုက်ပျိုးရေးအကူ(၇)ဦး ခေါ်ထားကြောင်း စိုက်ပျိုးရေးနည်းပညာများ သင်ကြားပေးခြင်း သဘာဝမြေသြဇာပြုလုပ်နည်းများ သင်ကြားပေးကာ ထမင်းကျွေး၍ တစ်ရက်(၄၀၀၀)ကျပ်နှုန်း ပေးထား ကြောင်း သိရပြီး စိုက်ခင်းအားနံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်ပေးကြောင်း သိရသည်။

  "အမှန် ဘကြီး(ခြံပိုင်ရှင်)က ကျောင်းပိတ်ထားစဉ်မှာ စိတ်မလေအောင် ခေါ်ထားတာ၊ထမင်းကျွေးပြီး စိုက်ပျိုးရေး ပညာတွေ သင်ပေးတယ်၊ပိုက်ဆံလဲပေးတယ်၊အလုပ်က မပင်ပန်းပါဘူး၊ကိုယ်စိုက်ပျိုးထားတဲ့ ပန်းတွေနဲ့ ဓါတ်ပုံရိုက်ရင်း ပျော်နေကြသူတွေကို ကြည့်ရင်းကိုယ်လဲ အလိုလို ပျော်တယ်"ဟု စိုက်ပျိုး ရေးအကူတစ်ဦးဖြစ်သူ မအေးအေးအောင်က ပြောသည်။

  ရန်ကုန်မြို့၏ မွန်းကျပ်သည့် နေထိုင်မှုများကြားတွင် စိတ်အပန်းပြေရေးအတွက် ခရီးအလှမ်းမဝေးသည့် ဒလမြို့နယ် နေကြာပန်းခင်းသို့ လာရောက် စိတ်အပန်းပြေနိုင်ကြောင်း၊ ဖုန်တသောသောနှင့် လယ်ကွင်း  လှည်းလမ်းမပေါ်တွင်လှည်းစီးရင်းဖြင့်လည်း တောအရပ်တောသဘာဝ တောဓလေ့များကို ခံစားနိုင်ပါကြောင်း နေကြာပန်းခင်း ပိုင်ရှင်ဦးဝင်းမောင်၏ ဖိတ်ခေါ်သံကိုလည်း ကြားသိခဲ့ရသည်။

                                                                                                                   

မောင်ယဉ်ဦး(ဒလ)






အခြားဆက်စပ်သတင်းများ