နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီမုန်တိုင်းကြောင့် မက်ဒရစ်မြို့တွင် နှစ် ၄၀ အတွင်း စံချိန်တင်ဆီးနှင်းကျဆင်း

မက်ဒရစ်    ဇန်နဝါရီ    ၁၀


ဆောင်းရာသီမုန်တိုင်း ဖီလိုမီနာ (Filomena)ကြောင့် စပိန်နိုင်ငံ၏ ဒေသအချို့တွင် နှင်းများဖုံးလွှမ်းခဲ့ပြီး နိုင်ငံတစ်ဝက်နီးပါးတွင် ပြီးခဲ့သည့်စနေနေ့က အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် မက်ဒရစ်မြို့တွင် လာမည့် ၂၄ နာရီအတွင်း ဆီးနှင်း ၂၀ စင်တီမီတာ (၈ လက်မ)အထိ ကျဆင်းဖွယ်ရှိသည်။ 

စပိန်နိုင်ငံတောင်ပိုင်းတွင် မုန်တိုင်းကြောင့် မြစ်ကမ်းပါးများ ကျိုးပေါက်ခဲ့သည်။ လက်ရှိအချိန်အထိ သေဆုံးသူသုံးဦးရှိကြောင်း စပိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဂရန်ဒီမာလက်စကာက ပြောသည်။ မက်ဒရစ်မြို့ အနောက်တောင်ပိုင်း ဇာဇာလီဟိုမြို့တွင် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဆီးနှင်းများ ဖုံးလွှမ်းခံရပြီး သေဆုံးနေကြောင်း တွေ့ရသည်။ အခြားသူနှစ်ဦးမှာ မာလာဂါမြို့တွင် ရေစီးထဲမျောပါပြီး သေဆုံးခဲ့ခြင်းဟု ဆိုသည်။ 

ပြီးခဲ့သည့်သောကြာနေ့ ညနေပိုင်းက မက်ဒရစ်မြို့တွင် ဆီးနှင်းများ ကျဆင်းခဲ့ခြင်းကြောင့် ကားများ လမ်းပေါ်တွင် ပိတ်မိခဲ့သည်။ မက်ဒရစ်မြို့၏ ဘာရာဟာလေဆိပ်နှင့် လမ်းအများအပြားကို ပိတ်ခဲ့ရသည်။ မက်ဒရစ်မြို့သို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းခဲ့ရသည်။ လမ်းများပေါ်ရှိ ကားများ အတွင်း ပိတ်မိနေသည့် ယာဉ်မောင်းများကို မီးသတ်သမားများက ဝိုင်းဝန်းကူညီခဲ့ရပြီး အချို့ဒေသများတွင် လမ်းရှင်းလင်းရန်အတွက် စစ်တပ်က ပါဝင်လုပ်ဆောင်ခဲ့ရသည်။

ပြည်သူများအနေဖြင့် အိမ်ထဲတွင်သာ နေထိုင်ကြပြီး အရေးပေါ်အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာကြရန် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပန်ကြားထားသည်။ မက်ဒရစ်မြို့တွင် ကြုံတွေ့ခဲ့သည့် ဆီးနှင်းကျဆင်းမှုမှာ အနည်းဆုံး နှစ် ၄၀ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံမီဒီယာက ဖော်ပြသည်။


KNT






အခြားဆက်စပ်သတင်းများ