နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့၌ ညမထွက်ရအမိန့် ယခုလကုန်အထိ တိုးမြှင့်သတ်မှတ်

မန္တလေး  နိုဝင်ဘာ ၁၈


မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအတွက် ထိရောက်စွာ အထောက်အကူပြုနိုင်စေဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ယခုနိုဝင်ဘာလကုန်အထိ ညမထွက်ရ အမိန့်ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့် အဆိုပါ ညမထွက်ရအမိန့်ကို တိုးမြှင့်သတ်မှတ်ချက်စာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် အချက် ၁၀ ချက် ပါဝင်ရေးသားဖော်ပြထားပြီး၊ COVID-19 ရောဂါကူးပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်သော နည်းလမ်းသည် မိမိတို့နေအိမ်များ၌ နေထိုင်ခြင်းအပြင် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိအောင် နေထိုင်ခြင်းဖြစ်ပြီး၊ နေအိမ်မှ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာကြရန်လိုအပ်ကြောင်း ညွှန်ကြားထားခြင်းဖြစ်သည်။

ထို့အပြင် နေအိမ်မှအိမ်ပြင်ထွက်တိုင်း လူစုလူဝေးဖြစ်ပေါ်နိုင်သော လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ၊ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကိုယ်ကာယကြံ့ခိုင် ရေးလုပ်ငန်း (GYM)၊ SPA အလှပြင်လုပ်ငန်း၊ ဘောလုံးကွင်း၊ စကိတ်ကွင်း၊ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများကို ယာယီပိတ်သိမ်းထားရမည်ဟုကြေညာချက်၌ ဖော်ပြထားပြီး၊ စည်းကမ်းလိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် စသည့် အစားအသောက်ရောင်းချသော ဆိုင်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့်အညီ Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားကြောင်း သိရသည်။

လူစုလူဝေးအများအပြားနှင့် ကျင်းပရသော ဘုရားပွဲများ၊ တရားပွဲ၊ တရားစခန်းများ၊ မင်္ဂလာဧည့်ခံပွဲ များ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးပွဲများကို ခေတ္တပိတ်သိမ်းထားဖို့နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ