နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆိပ်ခတ်ခံရသည့်ဖြစ်ရပ်အတွက် ရုရှားသမ္မတပူတင်တွင် တာဝန်ရှိသည်ဟု နာဗယ်နီ ပြော

 အောက်တိုဘာ  ၂၊ မော်စကို


ယင်းအဆိပ်ခတ်ခံရသည့်ဖြစ်ရပ်မှာ သမ္မတပူတင်တွင် တာဝန်ရှိသည်ဟု ယုံကြည်ကြောင်း ရုရှားနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင် နာဗယ်နီက ပြောသည်။ နာဗယ်နီသည် သြဂုတ်လ ၂၀ ရက်က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ မော်စကိုမြို့သို့ ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် အဆိပ်မိပြီး သတိလစ်လဲကျသွားခဲ့သည်။ နှစ်ရက်အကြာတွင် နာဗယ်နီကို ဂျာမနီနိုင်ငံ ဘာလင်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုသပေးခဲ့ရာ လက်ရှိအချိန်၌ ပြန်လည်သက်သာလာပြီဖြစ်သည်။ နာဗယ်နီမှာ နိုဗစ်ချော့ဓာတုအဆိပ်မိခဲ့ခြင်းဟု ဂျာမနီနိုင်ငံက ဆိုသည်။


'' ဒီလုပ်ရပ် နောက်ကွယ်မှာ ပူတင်ရှိနေတယ်လို့ ကျွန်တော်တွက်ဆမိပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး မရှင်းပြနိုင်သေးဘူး''ဟု ဂျာမနီမဂ္ဂဇင်း Der Spiegel နှင့် အင်တာဗျူးအစီအစဉ်တွင် နာဗယ်နီက ပြောသည်။


နိုဗစ်ချော့ဓာတုဆေးရည် အသုံးပြုရန်အမိန့်မှာ ရုရှားသမ္မတပူတင်၏ လက်အောက်ရှိ ထောက်လှမ်းရေးဌာန ၃ ခုမှ အရာရှိများသာ ညွှန်ကြားနိုင်သည်ဟု နာဗယ်နီက ဆိုသည်။'' အာရုံကြောထိခိုက်စေတဲ့ ဓာတုဆေးရည်ကို လူ ၃ ယောက်မဟုတ်ဘဲ လူ ၃၀ သာ သုံးစွဲခွင့်ရမယ်ဆိုရင် တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုဖြစ်လာမှာပါ''ဟု နာဗယ်နီက  ပြောသည်။


အစောပိုင်းက တွမ့်စ်လေဆိပ်တွင် နာဗယ်နီ သောက်ခဲ့သည့် လက်ဖက်ရည်၌ အဆိပ်ခပ်ခဲ့ခြင်းဖြစ်မည်ဟု ယင်း၏အဖွဲ့က ယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် နာဗယ်နီ တည်းခဲ့သည့်ဟိုတယ်၏ ရေဘူးများအတွင်း နိုဗစ်ချော့ဓာတုဆေးရည်၏ အကြွင်းအကျန်များ တွေ့ရှိခဲ့သည်။ '' နာကျင်မှုမရှိပါဘူး။ ဒါပေမဲ့ အခုချက်ချင်း ငါသေတော့မယ်ဆိုတာ သိနေတဲ့ ခံစားချက်မျိုးပါ''ဟု နာဗယ်နီက ဆိုသည်။                                       


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ