နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် နောက်ဆုံးအပြီးသတ်အဆိုပြုလွှာ တင်သွင်းမည့်ကာလကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီသို့ ရွှေ့ဆိုင်း

မြောက်ဦး   ဇန်နဝါရီ  ၃၁


ရှေးဟောင်းစေတီပုထိုးများ အများအပြားတည်ရှိနေသော ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် နောက်ဆုံးအပြီးသတ်အဆိုပြုလွှာ တင်သွင်းမည့်ကာလကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီသို့ ရွှေ့ဆိုင်းလိုက်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ မြောက်ဦးဒေသ လက်ရှိအနေအထားများကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းစစ်ဆေးပြီး အဆိုပြုလွှာတွင် ဖြည့်စွက်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုအပ်သော်လည်း လက်ရှိ COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုနှင့် နယ်မြေမအေးချမ်းမှုများကြောင့် ယခုကဲ့သို့ နောက်ဆုံးအပြီးသတ် အဆိုပြုလွှာတင်သွင်းမည့်ကာလကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီသို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

"အပြီးသတ်အဆိုပြုလွှာတင်ဖို့က ထပ်ပြီးတော့ ဖြည့်စွက်ရေးရမှာတွေ ရှိသေးတယ်။ အဆိုပြုစာတွဲတွေ၊ ဘက်စုံလွှမ်းခြုံတဲ့ စီမံခန့်ခွဲမှုအစီအစဉ်တွေစသဖြင့်ပေါ့။ ပြည်သူတွေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရဌာနတာဝန်ခံတွေကိုလည်း ပြန်ပြီးတော့ရှင်းလင်းတင်ပြဖို့ရှိတယ်။ သူတို့က ပြင်ဆင်ဖို့ရှိတယ်ဆိုရင် စာတွဲတွေမှာ ပြန်ပြီးတော့ပြင်ဆင်ရေးသားရမယ်။ အဲဒါတွေလုပ်ဖို့က ကိုဗစ်ရောဂါ ဖြစ်ပွားနေတာရယ်၊ နယ်မြေမအေးချမ်းတာတွေရယ်ကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့တယ်" ဟု ၎င်းကပြောသည်။

ယခင်က အဆိုပါ မြောက်ဦးဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO)၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် နောက်ဆုံးအပြီးသတ် အဆိုပြုလွှာတင်သွင်းမည့်ကာလကို ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအဖြစ် ရည်မှန်းထားရာမှ ယခုကဲ့သို့ တစ်နှစ်ခန့်နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။


မိုးယံထက်






အခြားဆက်စပ်သတင်းများ