နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များအားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင်နေထိုင်သည့်ပြည်သူများ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင်ပါဝင်ကြောင်းကြေညာ

ရန်ကုန် စက်တင်ဘာ ၂၀


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၏လုပ်ပိုင်ခွင့်ဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (Coronavirus Disease 2019 - COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများထပ်မံတွေ့ရှိရမှုကြောင့်လည်းကောင်း၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိမှုမှာ အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ကို မိမိနေအိမ်တွင်နေထိုင်ရန်(stay at home) ဖြင့် ညွှန်ကြားခဲ့ပြီးဖြစ်ရာ ယခုအခါ COVID-19 ရောဂါသည် တစ်ရက်ထက်တစ်ရက် ပိုးကူးစက်သူလူနာများ ပိုမိုများပြားလာသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စားဝတ်နေရေး တို့ကို အလေးထားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများကို stay at home ဖြင့် နေထိုင်ရန် အမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။


ထို့နောက် stay at home နေထိုင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)သည် မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများဆောင်ရွက်စေရန်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဥ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)အားလည်းကောင်း၊ အဖွဲ့အစည်းနှင့် ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်းရွက်ရန်ဖြင့်လည်းကောင်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းစနစ်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ(CMP)တွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်နေ့မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင်ကို သွားရောက်ခွင့်မပြုရန်ဖြင့်လည်းကောင်း၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန် နှင့် ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်ဖြင့်လည်းကောင်း၊ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း(mask)တပ်ရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဥ်များနှင့် ဖြတ်သန်းခွင့် ပြုထားသော ယာဥ်များကိုသာ ရပ်ကွက်ကျော်လွန်၍ သွားလာခွင့် ပြုရန်ဖြင့်လည်းကောင်း၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် တစ်ဦးနှင့် ဆေးရုံ/ဆေးခန်းသွားရောက်ခြင်းအတွက် ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်ဖြင့် လမ်းကြောင်း ညွန်းကြားထားသည်။


ဆက်လက်၍ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပေးပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်အပြင်မှဖြစ်စေ၊ ရပ်ကွက်အတွင်းမှဖြစ်စေ ဝင်/ထွက်ခွင့်မပြုရန်ဖြင့်လည်းကောင်း၊ ထုတ်ပြန်ခဲ့သော အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤအမိန့်သည် ၂၁-၉-၂၀၂၀ ရက်နေ့ နံနက် ၀၈:၀၀ နာရီမှစ၍  စတင်သက်ရောက်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ