နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်ဟု ဘောရစ်ဂျွန်ဆင် သတိပေး

ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံ၏ နေအိမ်အားလုံးထံ ပေးပို့ခဲ့သည့် စာလွှာတွင် သတိပေးခဲ့သည်။ လိုအပ်လာပါက တင်းကျပ်သည့် ကန့်သတ်ချက်များ ထုတ်ပြန်သွားနိုင်သည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။ ဘောရစ်ဂျွန်ဆင်မှာ COVID-19 ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခြင်းကြောင့် သီးသန့်ခွဲခြားနေထိုင်လျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် အစိုးရ၏စည်းမျဉ်းများကို အသေးစိတ်ဖော်ပြပြီး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို နေအိမ်အားလုံးသို့ ပေးပို့ခဲ့သည်။ ဗြိတိန်အစိုးရ၏ အကြံပြုချက် ရှင်းလင်းတိကျမှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရက နေအိမ်တိုင်းကို လက်ကမ်းစာစောင်များ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ အိမ်ထောင်စု သန်း ၃၀ ထံ လက်ကမ်းစာစောင်များ ပေးပို့ခဲ့ခြင်းအတွက် ပေါင် ၅.၈ သန်း ကုန်ကျခဲ့သည်။ “အစကတည်းက လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ သင့်တော်တဲ့စည်းမျဉ်းတွေ ချမှတ်ဖို့ လုပ်ထားပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာ အကြံပြုချက်အရ ကျွန်တော်တို့ လုပ်ဖို့လိုအပ်တယ်ဆိုရင် နောက်ထပ်တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ကျွန်တော် တစ်သားတည်းဖြစ်နေဖို့ အရေးကြီးပါတယ်။ အခြေအနေတွေ ပြန်ကောင်းမလာခင် အခြေအနေတွေ ပိုဆိုးလာဖို့ ရှိပါတယ်’’ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။ ပြီးခဲ့သည့်စနေနေ့က ဗြိတိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၂၆၀ ရှိခဲ့ရာ ဗြိတိန်နိုင်ငံတွင် စုစုပေါင်းသေဆုံးသူ ၁၀၁၉ ဦးအထိ ရှိလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၇၀၈၉ ဦး ရှိနေသည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ