ရန်ကုန် စက်တင်ဘာ ၁၈
သား၊ ငါး စိုစို၀ယ်ခြမ်းသိမ်းထားဖို့ မနေ့ညနေက အိမ်နားကစျေးကို သွားလိုက်တယ်။
ဗြုန်း! ဆိုသလို... လူနာတင်ကား ခန့်မှန်း ၄၊ ၅စီး အရေးပေါ်ဥသြဆွဲပြီး အရှိန်နဲ့မောင်းသွားကြတယ်။
အသံလာရာဆီ လှမ်းကြည့်လိုက်တော့ ကားရှေ့ခန်းမှာ PPE ၀တ်စုံအပြည့်နဲ့ ဆေးရုံ၀န်ထမ်းတွေကို တွေ့လိုက်ရတယ်။
ဪ.. Positive တွေပါသွားပြန်ပြီပေါ့... ကျန်းမာကြပါစေလို့.. ရင်တလှပ်လှပ်နဲ့ ဆုတောင်းပေးမိတယ်။
အဲ့ဒီချိန် မထင်မှတ်တဲ့ စကားတစ်ခုခပ်လှမ်းလှမ်းဆီက ကြက်သားရောင်းနေသူ အမျိုးသမီးထံက ကြား လိုက်ရတယ် "လူနာတွေကို အဲ့ဒီမှာ ရှယ်ကျွေးတာတဲ့! အလှူရှင်တွေကကျွေးတာ! အစားအသောက်တွေ ကောင်းမှကောင်း! တစ်နေ့တစ်မျိုးမထပ်ဘူးတဲ့" .... သူမက စျေး၀ယ်သူအမျိုးသမီးတစ်ယောက်ကို မျက်စ ချီပြီးပြောပြနေတယ်။
သူမဘေးက တစ်ဘက်တစ်ချက်က ငါးသည်နဲ့ ကုန်စိမ်းသည် အမျိုးသမီးတွေကလည်း စိတ်ပါလက်ပါ နားထောင်နေတယ် "ဟယ်! ဟုတ်လား! ကောင်းလိုက်တာ! " သံယောင်လိုက်နေတယ်။
သူတို့စကားက ကျွန်မစိတ်နှလုံးအိမ်ကို ခပ်ဆတ်ဆတ်လေးလာရိုက်မိတယ်။ သနားလိုက်တာ။
ဘ၀မှာ ပင်ပင်ပန်းပန်း စီးပွားရှာစားရသူတွေဟာ သက်သောင့်သက်သာလွယ်လွယ်နဲ့ စားရဖို့ကို တောင့်တကြတယ်။ ချို့ချို့ငဲ့ငဲ့ ချွေချွေတာတာ စားရသူတွေက၊ အရသာရှိရှိဖောဖောသီသီစားနိုင်ဖို့ အာသီသရှိကြတယ်။ ခုလည်းတစ်နေ့လုပ်မှတစ်နေ့စား၊ နေ့ပြန်တိုးအကြွေးဆပ် စျေးရောင်းကြရတဲ့ အိမ်ထောင့်တာ၀န်ထမ်း စျေးသည်အမျိုးသမီးတွေက Hospital Q ၀င်နေတဲ့ Positive Patient (ဆေးရုံက အခမဲ့စားရ) ဘ၀ကို......... တဲ့ ။
ကျွန်မ ထိုစျေးသည်တွေကို နောက်တစ်ကြိမ်ထပ်ကြည့်ပြီး သေသေချာချာမှတ်သား လိုက်ပါတယ်။ နောက်နေ့တွေ စျေးလာတဲ့အခါ သူမတို့ဆီမှာ ဦးစားပေး၀ယ်ရပါဦးမယ်.. လို့ ။
ငိုနေသူကို ဖေး(ဖေးမ)
လိုနေသူကို ပေးရပါမယ်။
ပေါက်ပေါက်