နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့အလယ်ပိုင်းဒေသ၏ အရုဏ်တက်ချိန်ရောက်ပြီဟု ဒေါ်နယ်ထရမ့် မှတ်ချက်ပေး

စက်တင်ဘာ ၁၆၊ ဝါရှင်တန်


အစ္စရေးနိုင်ငံက ယူအေအီး၊ ဘာရိန်းနိုင်ငံများနှင့် သမိုင်းဝင် ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့ပြီးနောက် အသစ်တစ်ဖန်မွေးဖွားလာသည့် အရှေ့အလယ်ပိုင်းဒေသ၏အရုဏ်တက်ချိန်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့သည်။ ပင်လယ်ကွေ့ဒေသ နိုင်ငံနှစ်နိုင်ငံက အစ္စရေးနိုင်ငံနှင့်ပုံမှန်ဆက်ဆံရေး တည်ဆောက်မည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။


ယူအေအီးနှင့် ဘာရိန်းနိုင်ငံများမှာ ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုသည့် တတိယနှင့် စတုတ္ထအာရပ်နိုင်ငံများ ဖြစ်လာခဲ့သည်။ အခြားနိုင်ငံများကလည်း ဘာရိန်းနှင့် ယူအေအီးနိုင်ငံများ၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က မျှော်လင့်နေသည်။ သို့သော် ယင်းတို့၏ပဋိပက္ခ မပြေလည်မချင်း အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးမတည်ဆောက်ရန် ပါလက်စတိုင်းဒေသခံများက တိုက်တွန်းထားသည်။


''စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခတွေ ဆယ်စုနှစ်ချီ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အသစ်တစ်ဖန် မွေးဖွားလာတဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ အရုဏ်တက်ချိန် ရောက်ပါပြီ။ သမိုင်းလမ်းကြောင်းကို ပြောင်းလဲဖို့ အခု ကျွန်တော်တို့ ဒီနေရာကို ရောက်နေကြတာပါ''ဟု ပြီးခဲ့သည့်အင်္ဂါနေ့က အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်က ပြောသည်။


'' ဒီနေ့က သမိုင်းရဲ့ဗဟိုချက်ပါ။ ငြိမ်းချမ်းရေးအရုဏ်တက်ချိန်ရောက်တော့မယ်ဆိုတဲ့ လက္ခဏာပါပဲ''ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။ သို့သော် အစ္စရေးနိုင်ငံက သိမ်းပိုက်ထားသည့် နယ်မြေများမှ ဆုတ်ခွာသွားမှသာလျှင် အရှေ့အလယ်ပိုင်းအတွက် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အက်ဘက်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ