စက်တင်ဘာ ၁၆
မက်ဆီဟာ ပြီးခဲ့တဲ့နှစ်အတွက် ဝင်ငွေအကောင်းဆုံးရကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည် နေတုန်းပဲလို့ Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ ပေမယ့် နောက်ပိုင်း ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲ အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မက်ဆီဟာ ဂျူဗင်တိုက်စစ်မှူး ရော်နယ်ဒိုထက် အသာစီးရနေတာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ စုစုပေါင်း ပေါင် ၉၈ သန်း ဝင်ငွေရရှိပြီး လစာပေါင် ၇၁ ဒသမ ၆ သန်း နဲ့ စပွန်ဆာဝင်ငွေက ပေါင် ၂၆ ဒသမ ၄သန်း ရရှိခဲ့ပါတယ်။ မက်ဆီရဲ့ပြိုင်ဘက် စီရော်နယ်ဒိုကတော့ စုစုပေါင်း ပေါင် ၉၁ သန်းရရှိတာကြောင့် မက်ဆီနဲ့ ပေါင် ၇ သန်း ကွာဟ ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ Followers အများဆုံးပိုင်ဆိုင်ထားတဲ့ စူပါစတားကြီး ရော်နယ်ဒိုဟာ မက်ဆီရဲ့နောက် အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ အဆင့်(၃)နေရာမှာတော့ PSG တိုက်စစ်မှူး ဘရာဇီးသား နေမာက ဝင်ငွေပေါင် ၇၄ ဒသမ ၄ သန်းနဲ့ ရပ်တည်နေပြီး စတုတ္ထနေရာမှာတော့ PSG ကပဲ အမ်ဘာပေက ပေါင် ၃၂ ဒသမ ၆ သန်းနဲ့ ရပ်တည်ခဲ့ကာ လီဗာပူးတိုက်စစ်မှူး ဆာလာက ပေါင် ၂၈ ဒသမ ၈ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။ ဆာလာရဲ့ နောက်မှာတော့ ပေါ့ဘာ၊ ဂရစ်မန်း၊ ဘေးလ်၊ လီဝန်ဒေါစကီး၊ ဒီဂီယာတို့ အစဉ်လိုက် ရပ်တည်လျက်ရှိပါတယ်။
မက်ဆီအနေနဲ့ ကစားသမားဘဝမှာ စုစုပေါင်းဝင်ငွေ တစ်ဘီလျံ ရရှိထားတဲ့ ရော်နယ်ဒိုရဲ့စံချိန်ကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်နှစ်ချင်းစီအလိုက် ဝင်ငွေအများဆုံးရရှိမှုမှာတော့ မက်ဆီက နံပါတ်တစ်နေရာကို ဆက်လက်ထိန်းထားပြီး ရော်နယ်ဒိုကို အသာစီးရယူထားပါတယ်။
(SO)