စက်တင်ဘာ ၁၅
အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။ လူဦးရေ ထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့ တွင် နေ့စဉ် အမှိုက်တန်ချိန်များစွာထွက်ရှိသည်မှာ မဆန်းချေ။ လူတို့စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များ ထက် မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များကပိုသည်။ အထူးသဖြင့် မြို့တွင်းအထပ်မြင့်တိုက်များနေထိုင်ကြသူတို့ သည် မိမိနေအိမ်မှ စွန့်ပစ်အမှိုက်များကို စနစ်တကျ ထုပ်ပိုးပြီး သက်ဆိုင်ရာ အမှိုက်ပုံ သို့မဟုတ် အမှိုက်သိမ်း ဆည်းသူတို့ထံ ပို့ဆောင်ကြရပေမည်။ ထိုသို့ ပို့ဆောင်ခြင်းမပြုဘဲ နောက်ဖေးလမ်းကြားသို့ အလွယ်တကူ စွန့်ပစ်နေကြသည်။
COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်ဝင်လာသည့် အရှိန်အဟုန်သည် မြင့်မားလာနေ သည်။ ထို့ကြောင့်ပင် ကျန်းမာရေးပညာရှင်များ၏ အကြံပြုချက်များတွင် လူစုလူဝေးရှောင်ကြဉ်ရန်၊ လူချင်း ခွာခွာနေကြရန်၊ အနည်းဆုံး ခြောက်ပေခန့်အကွာမှသာ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြရန်၊ ထိုပြောဆို ဆက်ဆံမှုကိုလည်း အချိန်မကြာစေရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ရန်၊ မိမိနှင့် မိမိ မိသားစု လုံခြုံစေရန် တတ်နိုင်သမျှ အိမ်တွင်နေရန်၊ အသုံးပြုပြီး ပါးစပ်နှင့်နှာခေါင်းစည်းကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန်၊ လက်ကို စနစ်တကျဆေးရန် အသိပေးညွှန်ကြားထားသည်။
အမှိုက်ဟူသည် မကောင်းသောစွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ ဖြစ်တတ်သည်ကို သိပါလျက် Mask များကို မဆင်မခြင် စွန့်ပစ်နေခြင်း လည်း သတိပြုမိသည်။ အမှိုက်သိမ်းဆည်းသူတို့ ကျန်းမာရေးအန္တရာယ်ကို ခြိမ်းခြောက်နေသကဲ့သို့ တွေးမြင်မိ သည်။ လူဦးရေထူထပ်သိပ်သည်းသော ဒေသများနှင့် လူစုလူဝေးစုစည်းမှုများတွင် ကူးစက်မှုများပြားနေခြင်း ကြောင့် အပြင်ထွက်တိုင်း Mask တပ်သူများ အသုံးပြုခဲ့သော နှာခေါင်းစည်းများကို အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ရန် လိုအပ်သည်။ အမှိုက်သိမ်းဆည်းခြင်းသည် ရှက်စရာမဟုတ်ဘဲ အမှိုက်များကို မဆင်မခြင် စွန့်ပစ်ခြင်းသည် ရှက်စရာကောင်းသောအလုပ်ဖြစ်သည်။
အကျပ်အတည်း အခက်အခဲကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ ညီညီညွတ်ညွတ် ရင်ဆိုင်ရမည်ဖြစ်ရာ မြို့ပြနေပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် COVID-19 ကပ်ရောဂါဘေးမှ ကျော်လွန်နိုင်ရေး စွမ်းဆောင် စေချင်ကြောင်း . . . . . ။ ။