နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွှတ်တော်ရွေးကောက်ပွဲများကို တစ်နှစ်ဆိုင်းငံ့သည့်ဆုံးဖြတ်ချက်ကြောင့် ဟောင်ကောင်မြို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွား

စက်တင်ဘာ ၇၊ ဟောင်ကောင်


ဟောင်ကောင်မြို့၏ လွှတ်တော်ရွေးကောက်ပွဲများကို ဆိုင်းငံ့သည့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် လူအုပ်ကြီးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ငရုတ်ရည်ဘောလုံးများဖြင့် ပစ်ပေါက်ခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ခွင့်ပြုချက်မရဘဲ ကျင်းပသည့် ဆန္ဒပြပွဲတွင် လူ ၃၀၀ နီးပါးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲကို စက်တင်ဘာလ ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် လိုအပ်သည်ဟုဆိုကာ ဟောင်ကောင်အစိုးရက လွှတ်တော်ရွေးကောက်ပွဲကို တစ်နှစ်ဆိုင်းငံ့ခဲ့သည်။


ဟောင်ကောင်အစိုးရက ကပ်ရောဂါကို အကြောင်းပြချက်အဖြစ် အသုံးချပြီး လူများကို မဲမပေးနိုင်အောင် တားမြစ်နေသည်ဟု အတိုက်အခံနိုင်ငံရေးသမားများက စွပ်စွဲခဲ့သည်။ တရုတ်အစိုးရက ဟောင်ကောင်မြို့တွင် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေ ချမှတ်မှုအပေါ် ဒေါသထွက်နေပြီး ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များ တိုက်စားခံရမည်ကို စိုးရိမ်နေသည့် အတိုက်အခံနိုင်ငံရေးသမားများမှာ ဥပဒေပြုရေးကောင်စီ (LegCo)တွင် အမတ်နေရာအများစုရရှိမည်ဟု မျှော်မှန်းထားသည်။


ဒီမိုကရေစီ လိုလားသည့် ကိုယ်စားလှယ်များမှာ ပြီးခဲ့သည့်နှစ်က ခရိုင်ကောင်စီရွေးကောက်ပွဲများတွင် ကောင်စီ ၁၈ ခုအနက် ၁၇ နေရာတွင် အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့် စက်တင်ဘာလ ၆ ရက်တွင် လူထောင်ပေါင်းများစွာက ဟောင်ကောင်မြို့တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများက''ကျွန်တော် တို့ကို မဲပေးခွင့်ပြန်ပေးပါ''ဟု အော်ဟစ်ပြီး ချီတက်လမ်းလျှောက်လာရာ လက်နက်ကိုင်ထားသည့် အဓိက ရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြသည်။                                                                                         


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ