ပခုက္ကူ စက်တင်ဘာ ၂
Human Papillomavirus ပိုးကြောင့် ဖြစ်ပေါ်တတ်သည့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေးလုပ်ငန်းကို စက်တင်ဘာ ၂ ရက်၊ နံနက် ၉ နာရီခွဲက ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက HPV Vaccine ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေးပြုလုပ်ရခြင်းအကြောင်း၊ မြန်မာနိုင်ငံရှိအမျိုးသမီးအသက် အရွယ်အလိုက် သားအိမ်ကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကီးအောင်ပါမ်းက HPV Vaccine ပိုးကြောင့် ဖြစ်ပေါ် တတ်သည့် သားအိမ်ခေါင်းကင်ဆာအကြောင်း၊ ရောဂါပိုးကူးစက်ပျံ့နှံ့မှု၊ ကူးစက်ပြီးဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်းနှင့် ကုသနည်းများ၊ HPV ကာကွယ်ဆေး၏ အာနိသင်နှင့် ဆေးအမျိုးအစားများအကြောင်းတို့ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရောဂါပိုးနှင့်ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးမေးမြန်းကြရာ တာဝန်ရှိသူဆရာဝန်များက ပြန်လည်ဖြေကြားကြသည်။
HPV Vaccine ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်မှစတင်၍ ပုံမှန် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများစာရင်း စုစုပေါင်း ၂၉၉၄ ဦးရှိကြောင်း၊ ထိုစာရင်းကောက်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့်အမျိုးသမီးငယ်များအနေဖြင့် မွေးဖွားမှု(အသက်)အထောက် အထားများပြပြီး နီးစပ်ရာကျန်းမာရေးဌာနများသို့ HPV Vaccine ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်ကျော်နိုင်ဝင်းက ပြောသည်။
ဆလိုင်းကိုကီး