နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနှင့် မလေးရှားတို့မှ သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းသို့ အများဆုံးဝင်ရောက်

ရန်ကုန်  စက်တင်ဘာ  ၂


ယခုကာလအတွင်းတွင် ပင်လယ်ကူးသင်္ဘောများ ရန်ကုန်ဆိပ်ကမ်းများသို့ ဝင်ထွက်လုပ်ကိုင်ရာတွင် စင်ကာပူနှင့် မလေးရှားတို့မှတစ်ဆင့် အများဆုံးဝင်ရောက်လာခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

“ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ သင်္ဘောတွေဆိုလို့ရှိရင် များသောအားဖြင့် Maratine Industry မှာနှစ်မျိုးနှစ်စားရှိပါတယ်၊ လိုင်နာနဲ့ ထရန့်လို့ခေါ်တယ်၊ လိုင်နာဆိုတာက ပင်မရေ လမ်းကြောင်းကြီးပေါ်မှာ သင်္ဘောတွေကသွားလာပြီး သူ့အချိန်ဇယားအတိုင်းသွားနေတာ၊ သူက ကွန်တိန်နာသင်္ဘောလိုင်းတွေ အများဆုံးဖြစ်တယ်၊ မြန်မာကိုဝင်ရောက်တဲ့ သင်္ဘောတွေက စင်ကာပူတို့၊ မလေးရှားတို့မှာဆိုက်ကပ်ပြီး ကုန်တင်ကုန်ချလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်၊ အဲ့ဒီကနေမှ ကျွန်တော်တို့ ဆီကိုလာတယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နိုင်ငံတကာဆက်ဆံရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မန်နေဂျာဖြစ်သူ ဦးကျော်၀ဏ္ဏက ရှင်းပြသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ပင်လယ်ကူးသင်္ဘောများ အဝင်အထွက်ပြုလုပ်ရာတွင် ရေလမ်းကြောင်းအသစ် ဖြစ်သည့် King’s Bank Channel ကို မေ ၁၃ ရက်မှ စတင်သုံးစွဲရာတွင် အဆိုပါရေလမ်းကြောင်းမှ ရန်ကုန်မြစ်  အတွင်းရှိ ဆိပ်ကမ်းများသို့ ဝင်ရောက်ရာတွင် စတင်ခွင့်ပြုသော ယင်းကာလမှ ဩဂုတ်လကုန်အထိ သင်္ဘောပေါင်း ၃၆၀ ကျော် ဝင်ရောက်ခဲ့ပြီး အစီးရေ ၃၅၀ ကျော်မှာ ကုန်တင်ကုန်ချများ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ဝင်ရောက်ခဲ့သော သင်္ဘောများတွင် ကုန်ဝယ်ယူသူမှ မှာယူထားသည့် စက်ပစ္စည်းဆိုင်ရာ ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များ၊ မီးရထားသံလမ်းများ၊ ကုန်သေတ္တာများ၊ ဘိလပ်မြေပစ္စည်းများကို သယ်ယူသည့်သင်္ဘောများ ဝင်ထွက်ခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်အထိ ပြုစုထားသော စာရင်းများအရ ပင်လယ်ရေကြောင်းမှ ပို့ကုန် ၉၂၈၄ ဒသမ ၆၄၆ သန်း၊ သွင်းကုန် ၁၄၁၆၁ ဒသမ ၈၇၉ သန်း ကို ကုန်သွယ်နိုင်ခဲ့ပြီး လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောပစ္စည်းများ၊ စက်မှုကုန်ချောများကိုလည်း ကုန်သွယ်ခဲ့ကြကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန်စာရင်းများအရ သိရသည်။ 


(HK)






အခြားဆက်စပ်သတင်းများ