မိုင်းကိုင် စက်တင်ဘာ ၂
ဩဂုတ် ၃၁ ရက်၊ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်-လဲချားသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄၉)အနီးတွင် စစ်ဆေးရေးဆောင်ရွက်နေစဉ် ပြည့်ဖြိုး(ခ)ဖြိုးအောင် မောင်းနှင်လာသော ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်၍စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ အဖြူရောင်ပလတ်စတစ်ပုံး ၇၅၀ ပုံးဖြင့်ထည့်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁၂,၀၀၀ လီတာ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ကွင်းဆက်အရ ညနေ ၅ နာရီခွဲအချိန် မိုင်းကိုင်မြို့နယ်၊ လွယ်ရှိုးကျေးရွာအနီးတွင် ဂျန်မာခါး(ခ)လောက်ပ(ခ)တင်ဦး အား PAJERO အမျိုးအစားမော်တော်ယာဉ်တစ်စီး၊ KBZ ATM ကတ် တစ်ခု၊ မြန်မာငွေ ၁,၁၃၅,၈၀၀ ကျပ်၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံး တို့နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ဖြိုးအောင်(ခ)ပြည့်ဖြိုး(၃၈)နှစ်၊ ဂျန်မာခါး(ခ)လောက်ပ(ခ)တင်ဦး(၄၄)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး