နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကြာပင်ကျောက်မျက်ရတနာသင်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားပို့ချပေးသွားမည်

နေပြည်တော် စက်တင်ဘာ ၂


ရွှေကြာပင်ကျောက်မျက်ရတနာသင်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု သင်ရိုး ညွှန်းတမ်းများ ရေးဆွဲသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း၏သတင်းများအရ သိရသည်။

အဆိုပါ ရွှေကြာပင်ကျောက်မျက်ရတနာသင်တန်းကျောင်းကို နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရွှေကြာပင် ကျောက်မျက်ရတနာဈေးအတွင်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောက်မျက်သင်တန်းကျောင်းတွင် ကျောက်စိမ်းအချောထည်သင်တန်း၊ ကျောက်မျက်ပန်းချီသင်တန်း ကျောက်မျက်အချောထည်သင်တန်း၊ လက်ဝတ်ရတနာ(ပန်းတိမ်)သင်တန်းနှင့် ကျောက်မျက်လုပ်ငန်းဆိုင်ရာသင်တန်းများကိုစာတွေ့၊ လက်တွေ့ပို့ချပေးလျက်ရှိသည်။ ယခုအခါ အဆိုပါနေပြည်တော်၊ ရွှေကြာပင်တွင် ဖွင့်လှစ်ထားသည့်    ကျောက်မျက်ရတနာသင်တန်းကျောင်းတွင်    ပညာရေးဝန်ကြီးဌာန၊    အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်းကို ရေးဆွဲသင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် အဆိုပါသင်ရိုးညွှန်းတမ်းရေးဆွဲဆောင်ရွက်နိုင်ရန်အတွက်Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များကို အဆိုပြုလွှာ(Letter of Interest) တင်သွင်းရန် မြန်မာနိုင်ငံ    ကျောက်မျက်ရတနာအသင်းချုပ်က ဖိတ်ခေါ်ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါ သင်ရိုးညွှန်းတမ်းများရေးဆွဲ ဆောင်ရွက်ရာတွင် ကျောက်စိမ်းကျွမ်းကျင်မှုဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ကျွမ်းကျင်မှုဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ပန်းချီကျွမ်းကျင်မှု ဘာသာရပ်သင်ရိုးညွှန်းတမ်းနှင့် ပန်းထိမ်ကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့်အဆိုပြုလွှာ(Letter of Interest) တင်သွင်းလိုသူများအနေနှင့် စက်တင်ဘာလ(၁)ရက်မှစတင်ကာ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထားကာ ကျောက်မျက်ရတနာသင်တန်းကျောင်းတွင် တင်သွင်းဆောင်ရွက်နိုင်သည်ဟု ပြောသည်။

အသေးစိတ်သိရှိလိုပါက ဦးမျိုးနိုင်၊ ဒုတိယကျောင်းအုပ်ကြီး၊ ဖုန်းဝ၉- ၄၀၀၀၁၆၇၄၁နှင့်ဝ၆၇-၈၁၀၂၀၄၇၊ ဖက်စ်ဝ၆၇-၈၁၀၂၀၄၇နှင့် အီးမေးgemetrainingskp3@gmail.comသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းကို မြန်မာနိုင်ငံ၏ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားလူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးနိုင်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းသားများအတွက် သင်တန်းကာလအတွင်းနေထိုင်စရိတ်နှင့် သင်ကြားစရိတ် အခမဲ့သင်ကြားပို့ချပေးနေကြောင်း သိရသည်။ 


ကိုသာစစ်






အခြားဆက်စပ်သတင်းများ