စက်တင်ဘာ ၁
နိုင်ငံတကာအဆင့်ကလပ်တွေမှာ ကစားနေတဲ့ Pro: Player ကစားသမားတွေဟာ သက်ဆိုင်ရာကလပ် တွေနဲ့ လစာ၊ ဆုကြေးစတဲ့ စာချုပ်စာတမ်းတွေချုပ်ဆိုရသလိုပဲ သူတို့နဲ့ကလပ်တွေရဲ့လိုက်နာရမယ့် စည်းကမ်း ချက်တွေကိုလည်း တရားဝင်ချုပ်ဆိုခဲ့ရပါတယ်။ အဲဒီစာချုပ်မှာပါတဲ့အတိုင်း ကလပ်၊ ကစားသမားတွေ ချိုးဖောက်ရင် ပြစ်ဒဏ်အဖြစ် ငွေကြေးတွေဖြတ်တောက်တာ၊ လျော်ပေးရတာတွေပါဝင်နေပါတယ်။
ယခုဆိုရင် ဘာစီလိုနာအသင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေအခိုင်အမာထွက်နေတဲ့ မက်ဆီ တစ်ယောက် အသင်းနဲ့ဆေးစစ်ဖို့၊ လေ့ကျင့်ခန်းဆင်းဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသင်းဆီကိုရောက်မလာခဲ့ပါဘူး၊ အသင်းအစီအစဉ်က အသင်းသားတွေအားလုံး ဆေးစစ်မယ်၊ ပြီးရင်ထရိန်နင်ဆင်းကြရမှာပါ။ မက်ဆီ ဆေးစစ်မလား၊ ဆေးမစစ်ရတော့ ထရိန်နင်ပျက်ကွက်ပြီပေါ့။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ မက်ဆီထိပ်တိုက်တွေ့ဆုံရပြီလေ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဒဏ်ရိုက်မယ်၊ စည်းကမ်းဖောက်သူက ဒဏ်ငွေဆောင်ရမှာပါ။ ဘာစီလိုနာအသင်းရဲ့ ထရိန်နင်ပျက်ကွက်ရင် ဒဏ်ငွေဘယ်လောက်လို့မသတ်မှတ်ဘဲ လစာများရင်များသလို ဒဏ်ငွေဆောင်ရတာပါ။ တစ်လကို ယူရို ၁ သိန်းအောက်နဲ့ အထက်ဆိုပြီးခွဲထားပါတယ်။ အနိမ့်၊ အလယ်၊ အမြင့်ပါ။ အနိမ့်က လစာရဲ့ ၄ ဒသမ ၀၁-၅ ရာခိုင်နှုန်း၊ အလတ်က ၅ ဒသမ ၀၁-၆ ရာခိုင်နှုန်း၊ အမြင့်က ၆ ဒသမ ၀၁-၇ ရာခိုင်နှုန်းအထိပါ။ တစ်ခါယူရိုတစ်သိန်းအထက်ကိုလည်း ထပ်ခွဲထားပါသေးတယ်။ သူတို့ကျတော့ လစာတင်မကပဲ၊ ရမယ့်လစာနဲ့တကယ်ရတဲ့လစာကြားပမာဏ ကို တွက်ပါတယ်၊ လစာ အပြင်ဘောနပ်ရဲ့ပမာဏအထိ တစ်လုံးတစ်ခဲတည်းရငွေရဲ့ရာခိုင်နှုန်းကို ဒဏ်ရိုက်တာပါ။ အနိမ့်က တစ်လ ရမယ့်ပမာဏရဲ့ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ အလတ်က ၁ ဒသမ ၃၄-၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ အမြင့်သမားတွေက ၂ ဒသမ ၆၇ -၄ ရာခိုင်နှုန်းအထိပါ။ ထရိန်နင်ကို (၃) ကြိမ်၊ (၄) ကြိမ်ဆက်ပျက်ရင် တစ်သိန်းအောက်က အနိမ့် ၇ ဒသမ ၀၁-၁၃ ရာခိုင်နှုန်း၊ အလတ်က ၁၃ ဒသမ ၀၁-၁၉ ရာခိုင်နှုန်း၊ အမြင့်က ၁၉ ဒသမ ၀၁-၂၅ ရာခိုင်နှုန်း၊ တစ်သိန်းအထက်ဆိုရင် အနိမ့် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ အလတ် ၃ ဒသမ ၃၄-၆ ရာခိုင်နှုန်း၊ အမြင့် ၆ ဒသမ ၀၁-၁၀ ရာခိုင်နှုန်းထိပါ။ မက်ဆီက တစ်လ ယူရို ၄ ဒသမ ၂ သန်းရနေတာပါ။ ပထမတစ်ရက်၊နှစ်ရက်အတွက် ၄ ရာခိုင်နှုန်းနဲ့ သုံးရက်၊ လေးရက်ဆိုရင် ၁၀ ရာခိုင်နှုန်းစီပါ။ တစ်လစာနှုန်းလောက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မက်ဆီထရိန်နင်လေးရက်ပျက်ကွက်ရင် ဒဏ်ငွေက မြန်မာကျပ်သိန်း ၁၅၀၀၀ ကျော်လောက်ပေးဆောင်ရမှာ ဖြစ်ပါတယ်။
(SO)