နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ဒုတိယလှိုင်းသက်ရောက်ချိန်တွင် ရန်ကုန်ဆိပ်ကမ်းအလုပ်သမားများ အလုပ်အကိုင်အဆင်ပြေလျက်ရှိ

ရန်ကုန်၊  စက်တင်ဘာ  ၁


ရန်ကုန်ဆိပ်ကမ်းမှ ဧရာဝတီတိုင်းဒေသကြီးသို့ ရေလမ်းကြောင်းမှ ကုန်စည်များ အပြန်အလှန် စီးဆင်း လျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းဗောတံတား ခုနှစ်ခုမှာ ကုန်စည်များစီးဆင်းလျက်ရှိပြီး COVID-19 ဒုတိယလှိုင်း သက်ရောက်ချိန်၌ ရေလမ်းကြောင်းမှ ကုန်စည်စီးဆင်းမှုဖြင့် ကုန်တင်ကုန်ချအလုပ်သမားများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ အဓိကကုန်စည်အဖြစ် ဆန်များတင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှ ဆီ၊ စားသောက် ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများကို တင်ပို့လျက်ရှိရာ ခြောက်ရက်တွင် သုံးရက်မှာ ကုန်ပစ္စည်း ဝင်ရောက်မှုများသောကြောင့် ကုန်တင်ကုန်ချအလုပ်သမားများအပြင် ပြင်ပမှ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းရရှိကြ၍ စီးပွားရေးကုစားမှုကို ရှာဖွေလုပ်ကိုင်နေချိန်တွင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

“ပွင့်ပွင့်လင်းလင်းပြောရရင် ခြောက်ရက်မှာ ကုန်အဝင်များတဲ့ သုံးရက်ဆိုရင် ပိုပြီးအဆင်ပြေကြတယ်။ ဒီကာလမှာ အလုပ်အကိုင်ပုံမပျက်တဲ့အတွက် မိသားစုတွေလည်း အဆင်ပြေကြပါတယ်။ ဒါကလည်း ဝမ်းသာစရာပေါ့လေ။ တစ်ရက်ကို ကျပ် ၁၀၀၀၀ အထက်နဲ့ ကျပ် ၁၀၀၀၀ အောက် ရနေကြတယ်။ ရန်ကုန် ဆိပ်ကမ်းက ဗောတံတား ခုနှစ်ခုလုံး အလုပ်အကိုင်တွေရှိတယ်။ အလုပ်သမား အားလုံး ၁၀၀၀ ကျော်ရှိတယ်။ ကိုဗစ်ဒုတိယလှိုင်းစတင်ချိန်မှာ အဆင်ပြေနေတဲ့အတွက် ရောဂါဒီထက်ကြမ်းလာရင်တော့ မပြောတတ်ဘူး။ အခုထိတော့ အဆင်ပြေကြတယ်”ဟု ရွှေတောင်တန်းဗောတံတား(၂)၊ အလုပ်သမားကုန်တင်ကုန်ချဌာနခွဲ(၁) မှ အလုပ်သမားမှူး ဦးလှစိုးက ပြောသည်။

ရန်ကုန်ဆိပ်ကမ်းမှ မော်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် အခြားမြို့များသို့ ခရီးသွားရေယာဉ်များ ပြေးဆွဲလျက်ရှိသည့်နည်းတူ ကုန်သင်္ဘောများဖြင့်လည်း တိုင်းဒေသကြီးနှစ်ခုမှ ကုန်စည်များစီးဆင်းလျက် ရှိရာ ဧရာဝတီတိုင်းဒေသကြီးသို့ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်မှုဖြင့် အချိန်တိုအတွင်း ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။

သို့ရာတွင် ရေလမ်းကြောင်းဖြင့်ပို့ဆောင်ရမည့်နေရာများနှင့် ပို့ဆောင်ခသက်သာမှုတို့ကြောင့် ရေကြောင်း ကဏ္ဍသည် အသက်ဝင်နေဆဲဖြစ်ရာ ရန်ကုန်ဆိပ်ကမ်းရှိ ဗောတံတား ၁၈ ခုတွင် ခုနှစ်ခုမှာ ကုန်စည်စီးဆင်းမှုဖြင့် အလုပ်အကိုင်များလည်ပတ်လျက် COVID-19 ဒုတိယလှိုင်းသက်ရောက်ချိန်၌ အလုပ်သမားများ အလုပ်အကိုင် အဆင်ပြေနေဆဲဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ -  ကနူး  -  (၁၁၂)






အခြားဆက်စပ်သတင်းများ