နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကြောင့် တောင်အာဖရိက ရဲအရာရှိနှစ်ဦးကို ဖမ်းဆီး

ဂျိုဟန်နက်စ်ဘတ်၊ ဩဂုတ် ၃၀


တောင်အာဖရိကနိုင်ငံတွင် ရဲအရာရှိ၏ ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပွားရာ ရဲအရာရှိနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ Down ဆင်ဒရုန်း ခံစားနေရ သည့် နာသန်နီယယ်ဂျူးလီးယက်စ်မှာ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အယ်ဒိုရာဒိုပါ့ခ်ဆင်ခြေဖုံးဒေသတွင် ဘီစကစ် ထွက်ဝယ်စဉ် သေနတ်ထိမှန်၍ သေဆုံးခဲ့သည်။ နာသန်နီယယ်ဂျူးလီးယက်စ်မှာ ရဲအရာရှိများနှင့် ဒေသခံ ဒုစရိုက်ဂိုဏ်းသားများ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြား ရောက်ရှိခဲ့ခြင်းဟု အစောပိုင်းတွင် ရဲတပ်ဖွဲ့က ပြောသည်။ 

သို့သော် ရရှိထားသည့် သက်သေအထောက်အထားများကို ဂရုတစိုက် ချင့်ချိန်သုံးသပ်ခဲ့ပြီးနောက် ရဲအရာရှိနှစ်ဦးကို ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဟု လွတ်လပ်သည့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန(Ipid)က ပြောသည်။ ရဲအရာရှိနှစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်လိမ့်မည်ဖြစ်ပြီး တရားမျှတသည့်ရလဒ် ထွက်ပေါ်လာခြင်းမရှိစေရန် စွက်ဖက်ဟန့်တားမှုများ ရှိလာနိုင်သည်ဟု ရဲတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ 

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညတွင် နာသန်နီယယ်ဂျူးလီးယက်စ် သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ဒေသခံရာပေါင်းများစွာက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ အကာအရံ၊ အတားအဆီးများကို မီးရှို့ပြီး လမ်းပိတ်ဆို့ထားသည့် ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့က လူစုခွဲရန်အတွက် ရော်ဘာကျည်နှင့် နားအူစေသည့် အသံဗုံးများ အသုံးပြုခဲ့သည်။ ယခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ချမှတ်ထားသည့် ပိတ်ဆို့မှုစည်းမျဉ်းများကို ကြပ်မတ်ဆောင်ရွက်ရာတွင် တောင်အာဖရိကလုံခြုံရေးတပ်ဖွဲ့များက အနည်းဆုံး လူ ၁၀ ဦးကို သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။                                                                                                                     

KNT






အခြားဆက်စပ်သတင်းများ