နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ကော်ဖီတင်ပို့မှုပမာဏ ယခင်နှစ်က ထက်လျော့နည်းနေ

ရန်ကုန် သြဂုတ် ၂၉

ယခု ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကော်ဖီတင်ပို့မှုပမာဏသည် ယခင်နှစ်ကထက် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှသိရသည်။
ပြည်ပနိုင်ငံများသို့ မြန်မာ့ကော်ဖီများတင်ပို့မှုပမာဏသည်နှစ်စဉ် တန်ချိန် ၄၀ဝ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်တန်ချိန် ၅၀ဝ ခန့်အထိတိုးတက်တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော COVID-19  ကပ်ရောဂါအခြေအနေကြောင့် မြန်မာ့ကော်ဖီများ ပြည်ပသို့တင်ပို့မှုမှာ ပုံမှန်ထက် လျော့နည်းနေကြောင်း သိရသည်။

မြန်မာ့ကော်ဖီများကို အမေရိကန်၊ အင်္ဂလန်နှင့်ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံသို့တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ နိုင်ငံများတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေသည် ဆိုးရွားနေဆဲဖြစ်သည့်အတွက် ကော်ဖီဆိုင်များတွင် ရောင်းအားများကျဆင်းနေခြင်းကြောင့် မြန်မာ့ကော်ဖီ များလည်း ရောင်းအားကျဆင်းကာ ပြည်တွင်းမှ ကော်ဖီစိုက်တောင်သူများအနေနှင့် အခက်အခဲများ ကြုံတွေ့ လာကြောင်း သိရသည်။

မြန်မာ့ကော်ဖီများသည် USAID နှင့် WinRock International အဖွဲ့အစည်းတို့၏အကူအညီဖြင့် အမေရိကန် ဈေးကွက်တွင်လည်း နေရာရရှိထားကာ ဂျပန်၊ ကိုရီးယားနှင့်ကနေဒါနိုင်ငံ ဈေးကွက်များသို့လည်း ထိုးဖောက် နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကော်ဖီစေ့များကိုနှစ်စဉ်ဒီဇင်ဘာလမှ နောက်နှစ်မတ်လအထိ ခူးဆွတ်ကြပြီးဧပြီလ နောက်ပိုင်း မှစတင်ကာတစ်နှစ်ပတ်လုံးထုတ်လုပ်ရောင်းချကြကြောင်း၊ ပြည်တွင်း၌စိုက်ပျိုးသော ကော်ဖီအမျိုး အစားများမှာ အာရေဗီးကား (Arabica) ကော်ဖီနှင့်ရိုဘတ်စတာ (Robusta) ကော်ဖီဟူ၍နှစ်မျိုးရှိသည့်အနက် အာရေဗီးကားကုန်းမြင့်ကော်ဖီကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။   

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ