နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တိုက်လေယာဉ်က ရုရှားစစ်လေယာဉ်များကို ကြားဖြတ်တားဆီးခဲ့

ဝါရှင်တန်    ဩဂုတ်    ၂၉

ပြီးခဲ့သည့်ကြာသပတေးနေ့ နှောင်းပိုင်းက အလက်စကာပြည်နယ် ကမ်းလွန်ဘက် နိုင်ငံတကာလေပိုင်နက်တွင် US F-22 တိုက်လေယာဉ်က ရုရှားစစ်လေယာဉ်များကို ကြားဖြတ်တားဆီးခဲ့ကြောင်း မြောက်ပိုင်းအမေရိကန် လေကြောင်းကာကွယ်မှုကွပ်ကဲရေးစခန်းက ပြောသည်။ ယခုရက်သတ္တပတ်အတွင်း ဆီးရီးယားစစ်မြေပြင်တွင် အမေရိကန်သံချပ်ကာကားနှင့် ရုရှားသံချပ်ကာကား တိုက်မိခဲ့ပြီး အမေရိကန်စစ်သည် ခုနစ်ဦး ဒဏ်ရာ ရခဲ့သည့်ဖြစ်ရပ်အတွက် အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် အမေရိကန်နှင့် ရုရှားစစ်တပ်ကြား တင်းမာမှု မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ကြားဖြတ်တားဆီးမှု ကြုံခဲ့ခြင်းဖြစ်သည်။

''ပြီးခဲ့တဲ့ညနှောင်းပိုင်းက အလက်စကာလေကြောင်းကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်လာတဲ့ Tu-142 ရုရှားရေတပ်ကင်းလှည့် ၂ စင်းစီ ပါဝင်တဲ့ အဖွဲ့ ၃ ဖွဲ့ကို မြောက်ပိုင်းအမေရိကန်လေကြောင်းကာကွယ်မှုကွပ်ကဲရေးစခန်းရဲ့ F-22 တိုက်လေယာဉ်က KC-135 လေယာဉ်တွေရဲ့ အားဖြည့်မှုကို ရယူပြီး ကြားဖြတ်ဟန့်တားခဲ့ပါတယ်''ဟု  မြောက်ပိုင်းအမေရိကန်လေကြောင်းကာကွယ်မှုကွပ်ကဲရေးစခန်းက ထုတ်ပြန်ခဲ့သည်။ ရုရှားစစ်လေယာဉ်တစ်စင်းမှာ အလက်စကာကမ်းရိုးတန်းမှ ရေမိုင် ၅၀ အကွာအတွင်း ပျံသန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာမှာ နိုင်ငံတကာလေပိုင်နက်ဖြစ်သည်။

အလက်စကာကမ်းလွန်ဘက် နိုင်ငံတကာရေပိုင်နက်တွင် ရေပေါ်ပေါ်လာသည့် ရုရှားရေငုပ်သင်္ဘောတစ်စင်းကိုလည်း စောင့်ကြည့်နေသည်ဟု  မြောက်ပိုင်းအမေရိကန်လေကြောင်းကာကွယ်မှုကွပ်ကဲရေးစခန်းက ပြောသည်။ အဆိုပါနေရာတစ်ဝိုက်တွင် ရုရှားရေငုပ်သင်္ဘော ရေပေါ်ပေါ်လာခြင်းမှာ အလွန်ထူးခြားသည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ