နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ ကာကွယ်ရန်အတွက် မန္တလေးကျောက်ဝိုင်း ပြန်လည်ပိတ်သိမ်း

မန္တလေး  ဩဂုတ်  ၂၈


 မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအပြင်ဘက်ရှိ အခင်းဝိုင်း(ကျောက်စိမ်း)ကို COVID-19 ရောဂါပြန်လည်ကူးစက်မှုများကို ကာကွယ်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ယာယီပြန်ပိတ်ခဲ့ကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီက သိရသည်။

   ကျောက်စိမ်း အခင်းဝိုင်း နံနက် ၅ နာရီမှ ၁၂ နာရီအထိ အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ရန် ဇူလိုင် ၁၂ ရက်တွင် စမ်းသပ်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း လတ်တစ်လောတွင် ဖြစ်ပွားလျက်ရှိသော  COVID-19 ရောဂါကူးစက်မှုများကြောင့် သြဂုတ် ၂၇ ရက်မှစတင်၍  ယာယီပြန်ပိတ်ထားရန် မန္တလေးမြို့‌တော် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားခဲ့သည်။ ကျောက်ဝိုင်း ပိတ်ထားသောကြောင့် အချို့သော ကျောက်အရောင်းအဝယ်သမားများသည် ကျောက်ဝိုင်းအနီးဝန်းကျင်ရှိ လမ်းများပေါ်တွင် ပျံကျကျောက်စိမ်း ရောင်းဝယ်လုပ်ကိုင်မှုများ ရှိနေခဲ့သည်။

 ကျောက်ဝိုင်းကို ပိတ်ထားသည်မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မိသားစုစားဝတ်နေရေး အတွက်  လမ်းပေါ်တွင် ကျောက်စိမ်းရောင်းဝယ်မှုများကို လုပ်ဆောင် နေရခြင်းဖြစ်ကြောင်း ကျောက်စိမ်း ဝယ်ရောင်းသမားများက ဆိုကြသည် ။

မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်း ၈၉ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင်တည်ရှိပြီး အခင်းဝိုင်းသည် ကျောက်ဝိုင်းအပြင်ဘက် အရှေ့ဘက်ခြမ်းတွင်တည်ရှိသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ