ရန်ကုန်၊ ဩဂုတ် ၂၈
ရေအရင်းမြစ်များဖြစ်သည့် သဘာဝရေထွက်များ၊ တောတောင်စိမ့်စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်းအိုင် ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်သည်။ ရေသည် သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေ၊ ရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သောနေရာများ၌ မြေတိုက်စားမှုအနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရသည်။
မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့်ရှင်းသော သောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များခန်းခြောက်လာခြင်း၊ ဆည်နှင့် ရေလှောင်တမံများ၌ သဲနုန်းပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းစသည်တို့ ကြုံတွေ့လာကြရသည်။ လူသားတို့ ဖန်တီးတည်ဆောက်ကြ သည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည့်အတွက် ရေဝေရေလဲဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။
သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကိုရေရှည်တည်တံ့ရေးအတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးသည်။ သယံဇာတများကို မဆင်မခြင်သုံးစွဲခြင်းသည် စဉ်ဆက်မပြတ်ထုတ်လုပ်မှု ကို ထိခိုက်စေမည်ဖြစ်ကြောင်း လူသားများအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို ထိခိုက်မှုမရှိအောင် တစ်ဦးချင်း၏ အမူအကျင့်များကို အခြေခံကျကျပြောင်းလဲသွားရန် လိုအပ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုအပါအဝင် ရာသီဥတုနှင့် ဆက်စပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ် လျော့ပါးစေရန်အတွက် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရမည်ဖြစ်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့် သယံဇာတများထိရောက်စွာ အသုံးချနိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးမှုများအား တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေ ပမာဏမှာ နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏ ကျဆင်းလျက်ရှိသည်။ ဆည်ရေများ စနစ်တကျ ချွေတာသုံးစွဲရေး တောင်သူလယ်သမားများနှင့် ပြည်သူများအား အသိပေးထားရာ လူသားတို့နေထိုင်ရာ မြေကမ္ဘာ၏ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်စေချင်ကြောင်း ။ ။