နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီလ်ဂိတ်၏ကုမ္ပဏီက နည်းပညာမြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်များ တည်ဆောက်ရန် စီစဉ်

ဝါရှင်တန်   ဩဂုတ်    ၂၈


ဆိုလာစွမ်းအင်၊ လေစွမ်းအင်များကဲ့သို့ အမြဲတစေမရနိုင်သည့် ရင်းမြစ်များမှ ပံ့ပိုးပေးသော လျှပ်စစ်ဓာတ်အားကို ဓာတ်အားကွန်ရက်များတွင် တိုးမြှင့်သိုလှောင်နိုင်စေမည့် နည်းပညာမြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်များ တည်ဆောက်ရန် မျှော်မှန်းထားကြောင်း ဘီလ်ဂိတ် တည်ထောင်ထားသည့် နျူကလီးယားစွမ်းအင်လုပ်ငန်းက ပြောသည်။ အဆိုပါအားထုတ်ကြိုးပမ်းမှုမှာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ကူညီပေးမည့် ဘီလ်ဂိတ်၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ဓာတ်အားကွန်ရက်များ၏ မှီခိုအားထားနိုင်စွမ်းကို မထိခိုက်စေဘဲ ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန် ဘီလ်ဂိတ်က ပစ်မှတ်ထားနေသည်။

 

လွန်ခဲ့သည့် ၁၄ နှစ်တွင် ဘီလ်ဂိတ် တည်ထောင်ခဲ့သည့် TerraPower LLC နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သည့် GE Hitachi Nuclear Energy ကုမ္ပဏီတို့က ယခုဆယ်စုနှစ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံ၌ Natrium ဟု ခေါ်သည့် နျူကလီးယားစွမ်းအင်စက်ရုံငယ်များကို စီးပွားဖြစ် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း TerraPower ကုမ္ပဏီဥက္ကဋ္ဌ ခရစ်လီဗက်ကေးက ပြောသည်။ ယင်းတို့ကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိက တွဲဖက်ကုမ္ပဏီများနှင့် အမေရိကန်စွမ်းအင်ဌာနထံမှ ရန်ပုံငွေများ တောင်းခံထားကြောင်း ယင်းက ဆိုသည်။ သို့သော် အဆိုပါအစီအစဉ်ကို ဘီလျံနာ ဝါရင်းဘက်ဖက်၏ Berkshire Hathaway ကုမ္ပဏီက ပိုင်ဆိုင်သည့် PacifiCorp နှင့် Energy Northwest၊ Duke Energy ကုမ္ပဏီများက ပံ့ပိုးပေးထားသည်။ အောင်မြင်မှုရရှိပါက ယင်းတို့အနေဖြင့် အမေရိကန်နှင့် ပြည်ပနိုင်ငံများတွင် နျူကလီးယားစွမ်းအင် စက်ရုံငယ်များ တည်ဆောက်မည်ဟု လီဗက်ကေးက ဆိုသည်။ ''၂၀၅၀ ရောက်ရင်တော့ ကမ္ဘာတစ်လွှားမှာ အဲဒီလို ဓာတ်ပေါင်းဖိုတွေ ရာနဲ့ချီပြီး မြင်ရမှာပါ။ စွမ်းအင်လိုအပ်ချက် အဖုံဖုံကိုလည်း ဖြေရှင်းပြီးသား ဖြစ်စေမှာပါ''ဟု ယင်းက ပြောသည်။

 ၃၄၅ မဂ္ဂါဝပ်ရှိသည့် နျူကလီးယား စွမ်းအင်စက်ရုံငယ်များကို ဆိုဒီယမ်အရည်ဖြင့် အအေးခံမည်ဖြစ်ပြီး စက်ရုံငယ်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံ ကုန်ကျမည်ဟု ဆိုသည်။ နျူကလီးယားစွမ်းအင်မှာ ကာဗွန်ထုတ်လွှတ်မှုကင်းစင်သည့် လျှပ်စစ်ဓာတ်အား ထိပ်တန်းရင်းမြစ်ဖြစ်သော်လည်း ကုန်ကျစရိတ်များပြားခြင်း၊ ဈေးကွက်တွင် ဆိုလာစွမ်းအင်၊ လေစွမ်းအင်များနှင့် အပြိုင်အဆိုင်ဖြစ်လာခြင်းကြောင့် အမေရိကန်နိုင်ငံတွင် နျူကလီးယားစွမ်းအင်စက် ရုံအများအပြားကို ပိတ်ခဲ့ရသည်။ သို့သော် အဆင့်မြင့် နျူကလီးယားစွမ်းအင်စက်ရုံငယ်များမှာ သမားရိုးကျ နျူကလီးယားစွမ်းအင်စက်ရုံများထက် ပိုဈေးကြီးလိမ့်မည်ဟု ဝေဖန်သူများက သတိပေးထားသည်။ 


နျူကလီးယားစွမ်းအင်စက်ရုံငယ်များမှာ ဓာတ်အားကွန်ရက်များထံ လျှပ်စစ်ဓာတ်အား ကောင်းကောင်း ပံ့ပိုးပေးနိုင်သည့် နေ့အချိန်များတွင် ဓာတ်ပေါင်းဖိုများမှ ထွက်ရှိသည့် စွမ်းအင်ကို ဆားပျော်ရည်စည်ပိုင်းများ အတွင်း သိုလှောင်ထားနိုင်မည်ဖြစ်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု တိုးတက်ကောင်းမွန်အောင် ရည်ရွယ်ထား ခြင်းဖြစ်သည်။ ရာသီဥတုအခြေအနေကြောင့် ဆိုလာစွမ်းအင်နှင့် လေစွမ်းအင်နည်းပါးချိန်တွင် သိုလှောင်ထားသည့် နျူကလီးယားစွမ်းအင်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင်ကလည်း အပူဓာတ်ဆိုလာစွမ်းအင်စက်ရုံများတွင် ဆားပျော်ရည်ဖြင့် စွမ်းအင်သိုလှောင်သည့်နည်း အသုံးပြုခဲ့ဖူးသည်။ သို့သော် အချို့စီမံကိန်းများတွင် ယိုစိမ့်မှုများ ဖြစ်ပွားခဲ့သည်။ Natrium နျူကလီးယားစွမ်းအင် စက်ရုံငယ်များ၏ ဒီဇိုင်းမှာ ဆိုလာစွမ်းအင်စက်ရုံထက် အပူချိန်ပိုမိုတည်ငြိမ်သည့်အတွက် ထိခိုက်ပျက်စီးမှု နည်းပါးနိုင်သည်ဟု လီဗက်ကေးက ဆိုသည်။                                      


KNT






အခြားဆက်စပ်သတင်းများ