ရန်ကုန် ဩဂုတ် ၂၇
COVID-19 ဒုတိယလှိုင်း တားဆီးကာကွယ်နိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းအတွင်း Mask မတပ်ပါက ဒဏ်ရိုက်မည်ဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
ဩဂုတ် ၂၅ ရက်မှစ၍ စခန်းကွပ်ကဲမှုရုံး၊ သာယာ/စည်းကမ်းအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စခန်း အတွင်း လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး Mask တပ်ဆင်ထားခြင်း မရှိပါက တစ်ဦးလျှင် ပထမအကြိမ် ဒဏ်ငွေ ၃၀၀၀ ကျပ်၊ ဒုတိယအကြိမ် ဒဏ်ငွေ ၅၀၀၀ ကျပ် အသီးသီး ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အဓိကလိုက်နာ ဆောင်ရွက်ရမည့် အချက် များကို ပြီးခဲ့သည့် မတ်၊ ဧပြီနှင့် မေတို့တွင် လိုက်နာမှု အားကောင်းခဲ့သော်လည်း ဇွန်လလယ်ခန့်မှစ၍ လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိရသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာစေနိုင်သည့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နား စခန်းအတွင်း COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် စခန်းရှိ ပွဲရုံ၊ ဆိုင်ခန်းများ၊ ကားဂိတ်ခန်းများ၊ စားသောက်ဆိုင် များနှင့် စခန်းနေပြည်သူများ အားလုံးအနေဖြင့် မိမိတို့ လုပ်ငန်းခွင်များတွင်ဖြစ်စေ၊ လမ်းသွား လမ်းလာ ပြုလုပ်ရာတွင်ဖြစ်စေ၊ မိမိကိုယ်တိုင်နှင့် တကွ မိမိနှင့် ဆက်စပ်သည့် ဝန်ထမ်း၊ အလုပ်သမားများကို Mask တပ်ဆင်ပြီးမှသာ လုပ်ငန်းဆောင်ရွက်ကြရန်နှင့် ဆိုင်များတွင်လည်း လက်ဆေးကန်များ၊ လက်ဆေး ဆပ်ပြာရည်များ ထားရှိရန် အသိပေး နှိုးဆော်ထားသည်။
မေဘယ်လ်အောင်