စစ်တွေ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးမှ ပြည်သူများအနေဖြင့် Stay at home နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဩဂုတ် ၂၆ ရက်က အမိန့်ကြေညာချက် ထုတ်ပြန်လိုက်သည်။
လွန်ခဲ့သောရက်ပိုင်းက စစ်တွေမြို့တစ်စိတ်တစ်ပိုင်းနှင့် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ စသည့်မြို့နယ်များတွင်သာ ပြည်သူများအနေနှင့် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန် ခဲ့ပြီးနောက် ယခုကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် Stay at home အမိန့်ကြေညာချက် ထပ်မံ ထုတ်ပြန်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဦးရေသည် ယခုရက်ပိုင်းအတွင်း လျင်မြန်စွာ တိုးတက်များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုအား ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေနှင့် မိမိတို့နေအိမ်တွင် နေထိုင်ကြရန်လိုအပ်သောကြောင့် ယခုကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံး အကျုံးဝင်သည့် Stay at home အစီအစဉ်ကို ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမိန့်ကြေညာချက်တွင် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်ရန် သွားလာသူများမှအပ ကျန်ပြည်သူများသည် မိမိတို့နေအိမ်တွင် နေထိုင်ကြရန်၊ မဖြစ်မနေ စျေးဝယ်ခြင်းအတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်း ခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ကားဖြင့် စျေးဝယ်ထွက်ပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နောက်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နောက်နှစ်ဦးသာ လိုက်ပါကြရန် အသိပေးကြေညာထားသည်။
ထို့အပြင် သတ်မှတ်ချက်များထက် လူဦးရေပိုမိုသွားလာရန် လိုအပ်လျှင်ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စများအတွက် သွားလာရန်လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့ပြီး ခွင့်ပြုချက်ရမှ သွားလာကြရန်၊တာဝန်ရှိသူ၊ အလုပ်ကိစ္စအတွက် သွားရောက်/ပြန်လာသူများမှအပ အခြားသော ရပ်ကွက်ပြင်ပမှလူများ၊ ရပ်ကွက်ထဲမှလူများကို ရပ်ကွက်တွင် ၀င်ထွက်သွားလာခွင့်မပြုရန်လည်း ယင်းအမိန့် ကြေညာချက်တွင် ဖော်ပြပါရှိကြောင်း သိရသည်။
(ဆောင်းဦး)