နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီချိန်ရောက်ရှိနေပြီသဖြင့် ရှမ်းပြည်နယ်၏ ချဉ်စော်ကားသီးစျေးကွက် သွက်လက်လှုပ်ရှားနေ

တောင်ကြီး  ဩဂုတ်  ၂၇


ရာသီချိန်ရောက်ရှိနေပြီသဖြင့် ရှမ်းပြည်နယ်၏ ချဉ်စော်ကားသီးစျေးကွက် သွက်လက်လှုပ်ရှားနေကြောင်း ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိ ချဉ်စော်ကားသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံတောင်သူများထံမှသိရသည်။


ရှမ်းပြည်နယ်ဒေသများတွင် ချဉ်စော်ကားသီးအစိမ်းနှင့်ထုတ်ကုန်များကို တစ်နှစ်ပတ်လုံးထုတ်လုပ်ရောင်းချ သော်လည်း ချဉ်စော်ကားသီးမှာ မိုးရာသီတွင်သာ လှိုင်လှိုင်ထွက်ရှိနေသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ် သူများက မိုးရာသီတွင်ဝယ်ယူစုဆောင်းကာ ထုတ်လုပ်၊လုပ်ကိုင်လေ့ရှိကြသည်။ ယခုအခါ မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ ချဉ်စော်ကားသီးများလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပြီး လုပ်ငန်းရှင်များ၏ဝယ်ယူမှု မြင့်တက် နေသဖြင့် စျေးကွက်သွက်လက်လှုပ်ရှားနေခြင်းဖြစ်သည်။


လက်ရှိတွင် ပင်ရင်းစျေးကွက်များတွင် ချဉ်စော်ကားသီးအလုံးရေ တစ်ရာ့ငါးဆယ်မှနှစ်ရာအထိပါရှိသည့် ချဉ်စော်ကားသီ(၅၀)ကီလိုတစ်အိတ်လျှင် လက်ကားစျေးငွေကျပ် ၄၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ခန့်အထိ ပေါက်စျေးရှိနေပြီး လက်လီစျေးကွက်များတွင် အလုံးအရွယ်အစားအလိုက် တစ်လုံးလျှင်ကျပ် ၃၀၀ မှ ၇၀၀ ကျပ်အထိ ပေါက်စျေးရှိနေသည်ဟုဆိုသည်။      


ချဉ်စော်ကားသီးသည် ရှမ်းပြည်နယ်၏ဒေသထွက်ကုန် သစ်သီးဝလံတစ်မျိုးဖြစ်ပြီး ကွတ်ခိုင်၊ပင်လုံ၊နမ့်စန်နှင့် တောင်ကြီးမြို့နယ်များမှ အများဆုံးစိုက်ပျိုးမှုရှိနေသည်။ ချဉ်စော်ကားသီးကို အစိမ်းအတိုင်းသော်လည်းကောင်း၊ နေလှန်းအခြောက်ပြုလုပ်၍လည်ကောင်း၊ အိမ်တွင်းမှုအသေးစားလုပ်ငန်းများမှ ချဉ်စော်ကားသီးယို၊ အချဉ် ပေါင်းထုပ်၊ ချဉ်စော်ကားသီးထောင်းကျော်နှင့် ချဉ်စော်ကားသီးဝိုင်များပြုလုပ်ကာ ဒေသတွင်းနှင့်ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ မွန်၊ ကချင်နှင့်ရခိုင်ပြည်နယ်အတွင်းရှိ မြို့ကြီးများသို့ပင်  တင်ပို့ပေးနေရသဖြင့် ဈေးကွက်သွက်လက်လှုပ်ရှားနေကြောင်း သိရသည်။



ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ