နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့သွားရည်စာမုန့်နှင့် အသင့်စား အစားအစာများ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်တော့မည်

  ရန်ကုန် သြဂုတ် ၂၇


မြန်မာနိုင်ငံမှ ပို့ကုန်အမည်သစ်များအဖြစ် အဆင့်မီထုပ်ပိုးထားသည့် စားသောက်ဖွယ်ရာ များကို တရုတ် နိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ပေကျင်း မြို့ရှိ မြန်မာသံရုံးက ကြေညာထားသည်။


မြန်မာနိုင်ငံမှ ထွက်ရှိသည့် သွားရည်စာနှင့် အဆာပြေ အစားအစာအများ၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ လက်ဖက် ခြောက်များ အပါအဝင် သောက်သုံး ဖွယ်ရာများ၊ ဖျော်ရည်ယာမကာများနှင့် ဟင်းခတ်အမွှေးကြိုင်များကို အဆင့်မီ ထုပ်ပိုးပြီး တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး ထွက်ကုန်များ၊ သစ်သီးဝလံအချို့၊ ရေထွက်ကုန် ပစ္စည်းများနှင့်သယံဇာတ ကုန်ကြမ်း ပစ္စည်းများကိုသာ အဓိကတင်ပို့လျက်ရှိသောကြောင့် ပေကျင်းမြို့ မြန်မာ သံရုံးအနေဖြင့် ဖြစ်နိုင်မည့် ပို့ကုန်အမည်သစ်များအတွက် တရုတ်နိုင်ငံရှိ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် အသင်းအမျိုးမျိုးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အခြားသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထို့ကြောင့် အဆင့်မီ ထုပ်ပိုးထားသည့် စားသောက်ကုန်များကို  တရုတ်နိုင်ငံသို့ ဝယ်ယူတင်သွင်းနေ သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ကုန်ပစ္စည်းအမျိုးအမည်ပေါ်မူတည်၍ ဖွဲ့စည်းထားသော စက်မှုလက်မှု လုပ်ငန်းရှင် အသင်းအမျိုးမျိုးတို့ နှင့်လည်း ဆက်သွယ်ထားပြီး ၎င်းတို့အား မြန်မာနိုင်ငံမှ အလားအလာ ရှိသော အဆင့်မီ အသင့်ထုပ်ပိုးပြီး စားသောက်ကုန် ပစ္စည်းများနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့စားသောက်ကုန်ပစ္စည်းများကို စိစစ်ကြည့်ရှုနိုင်ရေးအတွက် ပေကျင်းမြို့၊ ချန်ဒူးမြို့၊ ၊ထရန် ကျင်းမြို့၊ ကူမင်းမြို့နှင့်ကျန်းရှမြို့များတွင် နမူနာများ မိတ်ဆက်ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး ထိုသို့ ပြသရန် အတွက်လည်း အခကြေးငွေပေးရန် မလိုကြောင်း သိရသည်။


လက်ရှိ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်တွင် တရုတ်နိုင်ငံမှ တင်သွင်းမည့်သူများနှင့် မြန်မာနိုင်ငံမှ တင်ပို့လိုသူများအကြား အွန်လိုင်းဖြင့် စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲ များကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။   


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ