နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ချေးငွေများ ထုတ်ချေးလျက်ရှိသော်လည်း ချေးငွေသတ်မှတ်ချက်များမှာ ရော်ဘာခြံငယ်ရှင်များအတွက် အကျုံးမဝင်ဟုသိရ

ရန်ကုန် သြဂုတ် ၂၇


လက်ရှိ နိုင်ငံတော် အစိုးရမှ COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများ အတွက် COVID-19 ချေးငွေများ ထုတ်ချေးလျှက်ရှိသော်လည်း ယင်းထုတ်ချေးမည့် ချေးငွေသတ်မှတ်ချက် များမှာ ရော်ဘာခြံငယ်ပိုင်ရှင်များအတွက် အကျုံးမဝင် ဖြစ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအနက် ၉၂ ရာခိုင်နှုန်းမှာ ရော်ဘာခြံငယ်ရှင်များဖြစ်ပြီး ရော်ဘာစိုက်ဧက ၁၆ သိန်း ကျော်ရှိကာ လက်ရှိတွင် အစေးလှီး နိုင်သော ရော်ဘာစိုက်ဧက ရှစ်သိန်းကျော်ရှိကြောင်းသိရသည်။


"အမှန်အတိုင်း ပြောရရင် နိုင်ငံတော်က ထုတ်ပေးနေတဲ့ COVID-19 ချေးငွေက ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေက ကျွန်တော်တို့ ရော်ဘာခြံငယ်တွေမှာ တော်တော်များများ မပြည့်စုံဘူး၊ မရှိကြဘူး၊ အဲ့တော့ အကျုံးမဝင်ဘူး ဖြစ်နေတာပေါ့။ အဓိက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အများကြီးပဲရှိတယ်။ အဲ့ဒီအချက်အလက်တွေက တော်တော်များများကို ရော်ဘာခြံငယ်တွေမှာ မရှိတာများတယ်"ဟု  မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။


ထို့ကြောင့် ရော်ဘာခြံငယ်ရှင်များအတွက် နိုင်ငံတော်မှ သီးခြားထောက်ပံ့မှုမျိုး ဆောင်ရွက်ပေးရန် မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက တောင်းဆိုထားကြောင်းသိရသည်။


" နိုင်ငံတော်က ပံ့ပိုးပေးမှလည်း လုပ်သာကိုင်သာ လုပ်နိုင်ကိုင်နိုင် ဖြစ်လာမယ့် အခြေအနေမျိုးပါ။ ရော်ဘာခြံငယ်ရှင်တွေကို မပြိုလဲသွားအောင် နိုင်ငံတော်ကနေပြီးတော့ အထောက်အပံ့တွေ ဆောင်ရွက် ပေးစေချင်တယ်။သူတို့တွေ ဆက်ပြီးတော့ ရပ်တည်နိုင်အောင် ဒီရော်ဘာ လောကမှာ သူတို့တွေ ဆက်တောင့် ခံပြီးတော့ ထုတ်လုပ်နိုင်အောင် နဲ့ Quality ကောင်းအောင်လို့ အရင်းအနှီး အထောက်အပံ့တွေ လိုအပ်တယ်။ အဲ့ဒါမှလည်း Quality က ကောင်းလာမှာ၊  နိုင်ငံတော်အနေနဲ့ ရော်ဘာခြံငယ်ရှင်တွေကို အဘက်ဘက် ကနေပြီးတော့ ပံ့ပိုးပေးစေချင်ပါတယ်"ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်း ရေးမှူး ဦးခိုင်မြင့်က ပြောသည်။


ပြည်ပသို့ ရော်ဘာကုန်ကြမ်းများ တရားဝင် တင်ပို့မှုမှ တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းကျော်ရှိပြီး အဆိုပါ ရော်ဘာ ကုန်ကြမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ရရှိကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ