နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ထမ်းအင်အား ၁၉၀၀၀ လျှော့ချမည်ဟု ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းဆို

ဝါရှင်တန်    ဩဂုတ်    ၂၆


ကပ်ရောဂါကာလအတွင်း လေကြောင်းလိုင်းများအတွက် အစိုးရက ပေးအပ်ထားသည့် အထောက်အပံ့ အစီအစဉ် အဆုံးသတ်မည့် အောက်တိုဘာလတွင် ဝန်ထမ်း ၁၉၀၀၀ လျှော့ချသွားမည်ဟု အမေရိကန် လေကြောင်းလိုင်းက ပြောသည်။ ဆန္ဒအလျှောက် အလုပ်ထွက်သူများ၊ လစာမဲ့ခွင့်ယူသူများရှိခဲ့သည့်အပြင် ယခုကဲ့သို့ ဝန်ထမ်းအင်အား လျှော့ချမည့်အတွက် ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် အမေရိကန်လေကြောင်းလိုင်း၏ ဝန်ထမ်းအင်အားမှာ ပြီးခဲ့သည့်မတ်လထက် ၃၀ ရာခိုင်နှုန်း သေးငယ်သွားမည်ဖြစ်သည်။ လေကြောင်းခရီးသွားလာမှု သိသိသာသာ ကျဆင်းသွားခြင်းကြောင့် အလားတူ ဝန်ထမ်းအင်အား လျှော့ချမှုများ ပြုလုပ်နိုင်သည်ဟု အခြားလေကြောင်းလိုင်းများက သတိပေးထားသည်။ ဝန်ထမ်းအင်အား ၃၆၀၀၀ အထိ လျှော့ချရဖွယ်ရှိသည်ဟု ပြီးခဲ့သည့်လတွင် United လေကြောင်းလိုင်းက ပြောသည်။ ဂျာမနီနိုင်ငံ၏ Lufthansa လေကြောင်းလိုင်းက ဝန်ထမ်းအင်အား ၂၂၀၀၀ လျှော့ချဖွယ်ရှိမည်ဟု သတိပေးထားပြီး ဗြိတိန်လေကြောင်းလိုင်းကလည်း ဝန်ထမ်းအင်အား ၁၂၀၀၀ လျှော့ချလျက်ရှိသည်။ 


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လေကြောင်းလိုင်းများအနေဖြင့် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၈၄ ဘီလျံကျော် အရှုံးပေါ်ဖွယ်ရှိသည်ဟု သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် လေကြောင်းလိုင်းများက ဝန်ထမ်းအင်အား လျှော့ချရန် ပြင်ဆင်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံတန် ထောက်ပံ့ကူညီရေးအစီအစဉ်ကြောင့် အမေရိကန်လေကြောင်းလိုင်းများအနေဖြင့် စက်တင်ဘာလ ၃၀ ရက်မတိုင်မီအထိ ဝန်ထမ်းအင်အား သိသိသာသာ လျှော့ချခွင့်မရှိပေ။ လေကြောင်းလိုင်းများက နောက်ထပ်အထောက်အပံ့ပေးအပ်ရန် တောင်းဆိုထားသော်လည်း ယခုလအတွင်း ဝါရှင်တန်မြို့တွင် ဆွေးနွေးမှုလုပ်ခဲ့ရာ သဘောတူညီမှုမရခဲ့ပေ။ အမေရိကန်လေကြောင်းလိုင်းမှာ ပြီးခဲ့သည့်မတ်လအစပိုင်းတွင် ဝန်ထမ်းအင်အား ၁၄၀၀၀၀ ရှိခဲ့သော်လည်း လာမည့်အောက်တိုဘာလတွင် ၁၀၀၀၀၀ အောက် ရောက်ရှိသွားမည်ဟု ခန့်မှန်းထားသည်။                      


KNT






အခြားဆက်စပ်သတင်းများ