ဩဂုတ် ၂၆
လက်ဗီးယားတင်းနစ်မယ် အိုစတာပင်ကိုသည် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ အိုစတာပင်ကိုသည် ၂၀၁၇ ခုနှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကာ လက်ရှိ ကမ္ဘာ့အဆင့် ၄၂ နေရာတွင် ရပ်တည်နေသူဖြစ်သည်။
အိုစတာပင်ကိုက“ကျွန်မအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါ။ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆထားတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။ ယူအက်စ်အိုးပင်းတင်းနစ်အဖွဲ့ချုပ်ကလည်း ယင်း၏နေရာတွင် အမေရိကန်တင်းနစ်မယ် ဝိုက်နေးဖြင့် အစားထိုးခဲ့သည်။
လက်ရှိအမျိုးသမီးတင်းနစ်လောက၌ ကမ္ဘာ့အဆင့် ၁ နေရာတွင် ရပ်တည်နေသည့် ဘာတီနှင့် ကမ္ဘာ့အဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ဆီမွန်နာတို့လည်း ယင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အပြင် နာမည်ကြီး တင်းနစ်မယ်များဖြစ်ကြသည့် စဗီတိုလီနာ၊ ကီကီဘာတန်နှင့် ဘန်ဆစ်တို့လည်း ပြိုင်ပွဲမှနုတ်ထွက်ခဲ့သည့် အတွက် ယခုနှစ် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး တင်းနစ်မယ်အများစု ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။
(သူရိန်)