နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးကျုံးအတွင်းကားတစ်စီးထိုးကျနစ်မြုပ်ယာဉ်မောင်းသေဆုံး

 မန္တလေး ဩဂုတ် ၂၅


မန္တလေးအောင်မြေသာစံမြို့နယ် ၁၉ လမ်းနှင့် ၆၆ လမ်းဆုံကျုံးအရှေ့ခြမ်းတွင်သြဂုတ် ၂၅ ရက် နံနက် ၇ နာရီခန့်က ပါဂျဲရိုးယာဉ်အရှိန်လွန်ပြီး ကျုံးရေပြင်အတွင်း ထိုးကျနစ်မြုပ်ခဲ့ကာ ယာဉ်ပေါ်ပါသူအမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ခဲ့သည်။ ဖြစ်စဉ်မှာ အောင်မြေသာစံမြိုနယ်နန်းရှေ့၁၉ လမ်းအတိုင်းအရှေ့မှ အနောက် သို့မောင်----- (၂၃)နှစ်အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်လာသောMDY/2D---ပါဂျဲရိုးယာဉ်သည် မီးဝါနေစဉ်ဆိုင်ကယ်အားကျော်၍ လမ်းဖြတ်ကူးစဉ်အရှိန်မထိန်းနိုင်ဘဲ ကျုံးရေထဲသို့ထိုးကျခဲ့ကြောင်းသိရသည်။

အခင်းဖြစ်နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့များက ကျုံးအတွင်း ဆင်း၍ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ကြရာ ယာဉ်မောင်းမှာကားအတွင်းရေနစ်လျက်တွေ့ရပြီး မန္တလေးဆေးရုံကြီးသို့  ပို့ဆောင်စဉ်သေဆုံးခဲ့သည်။ ကျုံးအတွင်းယာဉ်ထိုးကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေ ရဲစခန်းနှင့်ယာဉ်မှုစစ်ဌာနတို့မှ  ယာဉ်အားစစ်ဆေးရာ  ယာဉ်မောင်းလိုင်စင်နှင့်ငွေအချို့တွေ့ရပြီး  အမှတ်(၂) နယ်မြေရဲစခန်းက ကျုံးအတွင်းယာဉ်ထိုးကျမှုနှင့်ပတ်သက်၍ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။                  

     

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ