နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ဒုတိယလှိုင်းကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများ အထည်အမှာအော်ဒါပြတ်လပ်လာဖွယ်ရှိ

ရန်ကုန် ဩဂုတ် ၂၅


COVID-19 ဒုတိယလှိုင်းဂယက်ကြောင့် အမေရိကန်နှင့် ယူရို နိုင်ငံများ၏ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့မကျ သည့် အခြေအနေများကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းအများစုအနေဖြင့် အထည်အမှာ အော်ဒါ ပြတ်လပ်လာဖွယ်ရှိကြောင်း သိရသည်။


အထည် အမှာအော်ဒါ အဓိကမှာယူနေသည့် အမေရိကန်နှင့် ယူရို နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု မှာ ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည့်အတွက်  ပြည်တွင်းအထည်ချုပ် လုပ်ငန်းအများစုမှာ ယခု သြဂုတ် လ အကုန်ခန့်ကစပြီး အထည်အမှာ အော်ဒါများ ပြတ်လပ်လာမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ထို့ကြောင့် စက်ရုံများ၏ ရေရှည်ရပ်တည်ရေးကိုထိန်းနိုင်ရန်  လာမည့်စက်တင်ဘာလတွင်  အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းပြီး စက်ရုံများ ယာယီ အလုပ်ရက်ရှည်ပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချခြင်း စသည်တို့ အများစုဖြစ်လာနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောသည်။


“ ၉ လပိုင်း လဆန်းကို တွေ့ပါလိမ့်မယ် တစ်ရုံပြီးတစ်ရုံ ခေတ္တနားတာနဲ့ ပိတ်တာနဲ့ တချို့စက်ရုံတွေ ကလည်း ဝန်ထမ်းတွေနဲ့ ဒီလကုန် ညှိနှိုင်းကြမယ် ၁၅ ရက်ပိတ်တာတို့ လစာလျှော့ယူဖို့ စတာတွေ လုပ်လာ ကြတော့မယ်။ အားလုံးကိုတော့ မဆိုလိုဘူး။ ဒါပေမယ့် အများစုမှာ ဖြစ်နေတယ်”ဟု အထည်ချုပ် စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။


မြန်မာ့ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ဥရောပဈေးကွက်ကို မှီခိုပြီးလုပ်ကိုင်နေရခြင်းဖြစ်ပြီး စက်ရုံ များ ရေရှည်ရပ်တည်နိုင်ရန် လုပ်သားအင်အား လျှော့ချ လာရသည့်  စက်ရုံများနှင့် လုပ်ငန်းအရှုံးပေါ်၍ ပိတ်သိမ်း ရသည့် စက်ရုံများအပြင် လုပ်ငန်းရှင်ထွက်ပြေးရသည့် စက်ရုံများပါရှိနေကြောင်း သိရသည်။
လက်ရှိအထည်အမှာ အော်ဒါရရှိရန်  အထည်ချုပ်လုပ်ငန်းရှင်များအတွက် စိတ်ချလက်ချဖြစ်သည့် အနေအထားမရှိသေးကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။


COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ စက်ရုံ၊ အလုပ်ရုံ ဆိုင်အလုပ်ဌာနပေါင်း ၅၇၀ဝ ဝန်းကျင်ခန့် ပိတ်သိမ်းခဲ့ရပြီး ယခုကဲ့သို့ ပိတ်သိမ်းခဲ့ရသည့်အတွက် အလုပ်သမားပေါင်း ၂ သိန်းခွဲခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ