နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး သဘာဝဓာတ်ငွေ့ အရန်သိုက် တွေ့ရှိ

ဩဂုတ် ၂၂၊ အန်ကာရာ


တူရကီနိုင်ငံ၏ တူးဖော်ရေးသင်္ဘောတစ်စင်းက ပင်လယ်နက်အတွင်း ဧရာမသဘာဝဓာတ်ငွေ့ အရန်သိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တူရကီသမ္မတ အာဒိုဝမ်က ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက ပင်လယ်နက်တစ်ဝိုက်တွင် တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် Fatih တူးဖော်ရေး သင်္ဘောမှာ ကုဗမီတာ ၃၂၀ ဘီလျံရှိသည့် သဘာဝဓာတ်ငွေ့ အရန်သိုက်ကို တွေ့ရှိခဲ့ခြင်းဟု အာဒိုဝမ်က သတင်းထောက်များကို ပြောသည်။ အဆိုပါတွေ့ရှိမှုမှာ တူရကီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး သဘာဝဓာတ်ငွေ့ တွေ့ရှိမှုဖြစ်သည်ဟု ယင်းက ဆိုသည်။ တူရကီနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့များကို စီးပွားဖြစ် ထုတ်ယူနိုင်မည်ဆိုပါက ပြည်ပမှ မှာယူတင်သွင်းရသည့် စွမ်းအင်အပေါ် မှီခိုအားထားရမှုကို လျှော့ချနိုင်လိမ့်မည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် လုပ်ဆောင်ရမည့် စမ်းသပ်မှုအားလုံးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ ပြီးမြောက်အောင်မြင်ပြီဟု အာဒိုဝမ်က ဆိုသည်။ 

''တကယ်တော့ ဒီအရန်သိုက်က ပိုကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘုရားသခင်ရဲ့ အလိုတော်အရ နောက်ထပ် တွေ့ဦးမှာပါ။ စွမ်းအင် အသားတင် တင်ပို့နိုင်တဲ့ နိုင်ငံ မဖြစ်မချင်း ရှာဖွေမှုတွေကို ရပ်တန့်မှာမဟုတ်ပါဘူး''ဟု အာဒိုဝမ်က ပြောသည်။ ၂၀၂၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်မည်ဟု မျှော်မှန်းထားကြောင်း ယင်းက ဆိုသည်။ သို့သော် သဘာဝဓာတ်ငွေ့ကို စီးပွားဖြစ်အတိုင်းအတာ ထုတ်ယူနိုင်ရန်အတွက် ဆယ်စုနှစ်တစ်ခုကြာမြင့်နိုင်ပြီး ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရနိုင်သည်ဟု စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ တူရကီနိုင်ငံမှာ တူးဖော်ရေးဆိုင်ရာ တိုင်းတာမှုများပြုလုပ်ရန် မြေထဲပင်လယ်သို့လည်း သင်္ဘောတစ်စင်း စေလွှတ်ထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ