နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ကပ်ရောဂါကြောင့် ပုဂံဒေသ ခရီးသွားကင်းရှင်းနေသော်လည်း ကမ္ဘာ့ကပ်ရောဂါမှာ အခိုက်အတန့်သာဖြစ်၍ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်

ရန်ကုန် ဧပြီ ၂၀ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးကာလမှ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကာလထိ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များစုဝေးရာ ပုဂံ၌ ခရီးသွားရာသီ အစည်ကားဆုံးနောက်ဆုံးလအထိ ခရီးသွားလာမှု ကင်းရှင်းနေသော်လည်း ယနေ့ကြုံတွေ့နေရသော ကပ်ရောဂါမှာ အခိုက်အတန့်သာဖြစ်ရာ ပြန်လည်ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ရှေးဟောင်းအမွေအနှစ် စေတီပုထိုးပေါင်း ၃၀ဝ၀ ကျော်ရှိပြီး ပြည်တွင်း၊ပြည်ပခရီးသွား အများဆုံး ဝင်ရောက်သော သီတင်းကျွတ်လမှ တန်ခူးလအထိ နှစ်စဉ် စည်းကားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ သက်ရောက်သောကာလအတွင်း ဧပြီလသည် ခရီးသွားလာမှုရှင်းလင်းနေခြင်းဖြစ်ရာ ပြည်တွင်း၊ပြည်ပ ခရီးသွား အများဆုံးဝင်ရောက်ရာ ထီးလိုမင်းလိုဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ လောကနန္ဒာ၊ မနူဟာဘုရား၊ မြစေတီ၊ ဓမ္မရံကြီး၊ ဧရာဝတီတစ်ဖက်ကမ်းရှိ တန့်ကြည်တောင်တို့မှာလည်း ခရီးသွားရှင်းလင်းလျက်ရှိကြောင်း သိရသည်။ ၁၆ မိုင်ပတ်လည်ကျယ်ဝန်းသော ပုဂံယဉ်ကျေးမှုဒေသတွင် ထီးလိုမင်းလိုဘုရားမှာ ယာဉ်များရပ်နားရန် နေရာကျယ်ဝန်းပြီး အရိပ်ရအပင်များရှိသောကြောင့် ခရီးသွားဝင်ရောက်မှုများသောနေရာဖြစ်ရာ ယခုအခါ ခရီးသွားဝင်ရောက်မှုနှင့်စပ်လျဉ်း၍ ဘုရားမှ အတွင်းရေးမှူးဖြစ်သူ ဦးတင်လှဦးက “အိမ်တွင်းအိမ်ပြင်မထွက်တာ ကြောင့် ရွာတွေကလည်း ဈေးသည်တွေမရှိသလို ဘုရားဖူးလည်းမရှိဘူး။ ရွာတွေက အခြေခံပြည်သူတွေ နိုင်ငံတော်ကပံ့ပိုးတဲ့ စားသောက်ကုန်ပစ္စည်းတွေလည်းရကြပါတယ်။ တစ်သက်မှာ တစ်ကြိမ်မျှ အခုလို မကြုံခဲ့ဘူး။ ပထမ လက်ဆေး၊ အပူချိန်တိုင်းပြီး ဘုရားထဲကိုဖူးခွင့်ပြုတယ်။ နောက်ပိုင်း ဆေးထောက်ခံချက်ပါမှ ဝင်ခွင့်ပြုတယ်။ ဧပြီလပထမပတ်မှာ တစ်ရက်သုံးလေးဦးပဲလာတယ်။ ဒီရာသီဆိုရင် အလွန်စည်တဲ့ရာသီပေါ့။ တစ်ရက်ကို သောင်းချီပြီး ဘုရားဖူးလာကြတာ။ ပုဂံမှာ သီတင်းကျွတ်လကနေ တန်ခူးလကုန်ထိ စည်ကားဆုံးပဲ။ ကိုဗစ်-၁၉ ကြောင့် ဒီလ လူကိုရှင်းနေတာပဲ။ ပုဂံဒေသ ပြန်လည်စည်းကားပြီး ခရီးသွားလုပ်ငန်းပြန်လည် မြှင့်တင်လာဖို့ ဒီကပ်ရောဂါကြီး အမြန်ဆုံးကင်းဝေးပါစေလို့ ဆုတောင်းပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း၊ပြည်ပခရီးသွား အများဆုံးဝင်ရောက်ရာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီးနှင့် ကရင်ပြည်နယ်၊ မော်လမြိုင်၊ ကော့သောင်းရှိ ကျွန်းများ၊ ငပလီ၊ ချောင်းသော၊ ငွေဆောင်၊ ဂေါ်ရန်ဂျီကျွန်း စသည့် ကမ်းခြေဒေသများ ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှု အခိုက်အတန့်အတွင်း ခရီးသွား လာမှု ရပ်ဆိုင်းနေသော်လည်း ကမ္ဘာ့ကပ်ရောဂါကြီးပြီးဆုံးသွားပါက ပြန်လည်အသက်ဝင်လာမည်ဖြစ်ရာ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမြင့်က “ခရီးသွားလုပ်ငန်းဆိုတာ အခွင့်အရေးပေးတာနဲ့ ရှင်သန်နိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားလုပ်ငန်းအတွက် အားလုံးက အဆင်သင့်ရှိပြီးသားပါ။ မျှော်လင့်မထားတဲ့ ကပ်ဆိုးကြီး ကမ္ဘာလုံးဆိုင်ရာဖြစ်နေတယ်ဆိုတော့ ဦးစားပေးရမယ့်ဟာက ဘယ်အရာဆိုတာ စဉ်းစားရမှာပေါ့ နော်။ ကျန်းမာရေးဟာ အရေးကြီးတာကြောင့် ဦးစားပေးထိန်းသိမ်းရမယ်လေ။ အားလုံးငြိမ်သွားပြီဆိုရင် ခရီးသွားလုပ်ငန်းက ချက်ချင်းပြန်ဦးမော့နိုင်ပါတယ်။ ဒီလိုရာသီမှာ ခရီးသွားမရှိတာ သဘာဝပါပဲ။ အခုချိန်မှာ ပုဂံတင်မကဘူး အားလုံး ခရီးသွားလုပ်ငန်းအားလုံး ရပ်နားနေမှာပါ။ တစ်ကမ္ဘာလုံးပါပဲ။ အခိုက်အတန့်ဖြစ်တာ ကြောင့် ပြန်ပြီးဖွံ့ဖြိုးလာမှာပါ”ဟု ပြောသည်။ ဓာတ်ပုံ - ကနူး၊ ( ၁၁၂ )






အခြားဆက်စပ်သတင်းများ