နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုလစ်ဗီးယား တရားရေးဝန်ကြီးဌာနက သမ္မတဟောင်း မိုရာလက်စ်ကို သက်ငယ်မုဒိန်းမှု၊ လူကုန်ကူးမှုစွဲချက်များဖြင့် တိုင်ချက်ဖွင့်

ဩဂုတ် ၂၁၊ ဆူခရီ


ဘိုလစ်ဗီးယားတရားရေးဝန်ကြီးဌာနက သမ္မတဟောင်းမိုရာလက်စ်ကို သက်ငယ်မုဒိန်းမှု၊ လူကုန်ကူးမှု စွဲချက်များဖြင့် တိုင်ချက်ဖွင့်ခဲ့သည်။ အသက် ၆၀ အရွယ်ရှိသည့် မိုရာလက်စ်က (အခင်းဖြစ်ပွားသည်ဆိုသည့်အချိန်တွင် အသက်မပြည့်သေးသည့်)အမျိုးသမီးငယ်တစ်ဦးနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများကို ဘိုလစ်ဗီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစွပ်စွဲချက် များနှင့်ပတ်သက်၍ မိုရာလက်စ်က မှတ်ချက်တစ်စုံတရာပေးခဲ့ခြင်းမရှိပေ။ 


၂၀၀၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘိုလစ်ဗီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မိုရာလက်စ်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ကာ အာဂျင်တီးနားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မိုရာလက်စ်မှာအာဂျင်တီးနားတွင် ရှိနေစဉ်  ကျူးလွန်မှု အမျိုးမျိုးဖြင့် စွပ်စွဲခံခဲ့ရသည်။ အမျိုးသမီးငယ်မှာ မိုရာလက်စ်နှင့်အတူ ခရီးစဉ်များ လိုက်ပါခဲ့ပြီး ယင်း၏ ဆွေမျိုးတစ်ဦး ပိုင်ဆိုင်သည့်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂွာအီဒိုမယ်ဂါက ပြောသည်။ 


''သိချင်တဲ့ ကိစ္စတစ်ခုကတော့ မိန်းကလေးဟာ အဲဒီအချိန်တုန်းက အသက်မပြည့်သေးပါဘူး။ အသက်မပြည့်သေးသူတစ်ယောက် ခရီးသွားရင် သူ့မိဘတွေရဲ့ခွင့်ပြုချက်ယူရမည်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ''ဟု ဂွာအီဒိုမယ်ဂါက ဆိုသည်။ သမ္မတမိုရာလက်စ်နှင့်အတူ ခရီးစဉ်များ လိုက်ပါခဲ့စဉ်က အမျိုးသမီးမှာ အသက် ၁၄ နှစ်သာ ရှိသေးသည်ဟု စပိန်သတင်းဌာန EFE က ဖော်ပြသည်။ ဘိုလစ်ဗီးယားနိုင်ငံ၏ဥပဒေအရ အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် ၂ နှစ်မှ ၆ နှစ်ကြား ချမှတ်နိုင်ပြီး လူကုန်ကူးမှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ ဘိုလစ်ဗီးယားနိုင်ငံကို ၁၄ နှစ် နီးပါး အုပ်ချုပ်ခဲ့သည့် မိုရာလက်စ်မှာ လက်တင်အမေရိက၏ တာဝန်ထမ်းဆောင်ချိန်အကြာမြင့်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ