ကမမောင်း ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တံတားဦးကျေးရွာအတွင်းရှိ အမှတ်(၁၀၁၄)နယ်ခြားစောင့်တပ် ၏ (၁၀)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်တပ်ရင်း၊ တပ်ခွဲမိသားစုများအတွက် အားကစား ပြိုင်ပွဲများအနေဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးဘော်လီဘော ပြိုင်ပွဲများကို ကျင်းပခဲ့ကြသည်။
တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တပ်ရင်းမိသားစုဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၈ ရက်၊ ညနေ ၃ နာရီကကျင်းပခဲ့ရာ ပထမဆုရရှိခဲ့သော တပ်ခွဲ(၂)မိသားစုအား ကမမောင်းမြို့၊ ရှေ့တန်း စစ်ဗျူဟာရုံးမှ ဒုတိယဗိုလ်မှူးကြီး အောင်အောင်က ပထမဒိုင်းဆုကိုလည်းကောင်း၊ ဒုတိယရရှိခဲ့သောဌာနချုပ်တပ်ခွဲအသင်းအားအမှတ်(၁၀၁၄)နယ်ခြားစောင့်တပ်မှ တပ်ရင်းမှူးဗိုလ်မှူး မောင်ချစ်ကလည်းကောင်း ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ဩဂုတ် ၁၈ ရက်၊ ည ၆ နာရီက နယ်ခြားစောင့်တပ်(၁၀၁၄)၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ် မိသားစုညစာစားပွဲကို အမှတ်(၁၀၁၄)နယ်ခြားစောင့်တပ်၏ တပ်ရင်းစားရိပ်သာဆောင်တွင်ကျင်းပခဲ့ပြီး တပ်ခွဲ အလိုက်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိခဲ့ကြသောတပ်ခွဲများအား နယ်ခြားစောင့်တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့စခန်းမှူးတို့က ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)